ငါဟာ ခေါ်သံကို
စိတ်မရှည်စွာ စောင့်ဆိုင်းနေခဲ့တယ်။
နှစ်၊လ၊ရာသီ
ကြာရှည်မြင့်စွာ
ပြင်ဆင်လာပြီးတဲ့နောက်မှ
သည်တခဏလေးကို
ငါ....ဘာကြောင့်များ စိတ်မရှည်နိုင်ရသလဲ။
ကိုယ့်ရှေ့မှာ...
ကိုယ့်နောက်မှာ...
ကိုယ့်ဘေးပတ်လည်မှာ...
စိတ်မရှည်တဲ့မျက်နှာနဲ့
လူတွေဟာ လူတွေဟာ...
ခေါ်သံကိုသာ နားစွင့်နေကြတယ်။
ဟော...
ငါ့နာမည်ကို ခေါ်သံပါလား...
ရင်ခုန်သံတွေ
ဆူညံလာတယ်။
ခြေဖျားလက်ဖျားတွေ
အေးစက်လို့လာတယ်။
နားသယ်ဆံစမှာ
ချွေးတစ တွဲခိုလာတယ်။
ရှောင်လွှဲလို့မရတဲ့
သည်ခဏအချိန်ကလေးအတွင်း
ဘယ်လိုပင် အားတင်းပေမယ့်
နှမြောတသခြင်း မြားတံတွေက
ငါ့နှလုံးသားမှာ
နေရာမလပ် စူးဝင် နှိပ်စက်လို့နေလေရဲ့။
အဆုံးမတော့
ငါဟာ...တုန့်ဆိုင်းလေးလံနေတဲ့ ခြေလှမ်းတွေနဲ့ပဲ
သူ့ရှေ့မှောက်အရောက်
ကြိုးစားပြီး လျှောက်လှမ်းခဲ့ပါတယ်။
ကမ္ဘာလောကကြီးက
အသံဗလံတွေ အားလုံးဟာ
အဲသည်တခဏမှာ
ငြိမ်ကျသွားတယ်လို့လည်း ငါထင်လိုက်မိပါရဲ့။
ခေါ်သံရှင်ဟာ
ငါ့မျက်နှာကို
တစ်ချက်သာကြည့်ပြီး
အပေါ်စီးလေသံနဲ့ မေးခွန်းထုတ်လိုက်တယ်။
“အခွန်ဆောင်မှာလား။ သက်တမ်းတိုးမှာလား”...... တဲ့။
forward မေးတစ်ခုကနေ ရတဲ့ကဗျာလေးပါ။ အားလုံးဖတ်ရအောင်ဝေမျှပေးလိုက်ပါတယ်။
ကျွန်တော်တို့တတွေ မလွဲမသွေ ကြုံဆုံ ရမယ် နေ့တစ်နေ့ ပါခင်ဗျာ။။။
“အခွန်ပေးခြင်း ဆင်းရဲခြင်း ကင်းလွတ်ကြပါစေ။
ခေါင်ပုံဖြတ်ခြင်း အချင်းချင်း ကင်းလွတ်ကြပါစေ။”
Saturday, November 15, 2008
ကြုံဆုံရမည့် နေ့တစ်နေ့
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment