ကျွန်တော်အခုတစ်လော သတင်းတွေ ခဏခဏကြားမိပြီး တော်တော်စိတ်မကောင်းဖြစ်မိတယ်။ ဘာကိုလည်းဆိုတော့ အေးဂျင့်(agent) တွေ အေးဂျင့်( agent) တွေ သူတို့နဲ့ပတ်သက်ပြီး မကောင်းတဲ့သတင်းတွေ တော်တော်လေးကို ကြားရတယ်။ ဘယ်အေးဂျင့်က ပိုက်ဆံ လိမ်သွားတယ် ဘယ်အေးဂျင့်ကပိုက်ဆံယူပြီးတော့ ခုထိ အလုပ်မရှာပေးသေးဘူး တော်တော်များပါတယ် အဲဒီအသံတွေ။ နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ အလုပ်ရှာပေးနေတဲ့ အေးဂျင့်တွေ တော်တော်များများရှိပါတယ်။ အားလုံးကို မဆိုလိုပါဘူး။ တချို့အေးဂျင့်တွေဆိုတော်တော်ကောင်းတာကြားမိပါတယ်။ တချို့အေးဂျင့်တွေသာ ကိုယ်နိုင်ငံသားအချင်းချင်း ခေါင်ပုံဖြတ် အမြတ်ထုတ်ချင်ကြတယ်။ အဲဒါတွေဟာတော်တော့်ကို စိတ်ပျက်စရာအော့နှလုံးနာစရာတွေပါပဲ ဘယ်သူသေသေ ငတေမာရင်ပြီးရော အလုပ်တွေပါပဲ။ မလုပ်ကြပါနှင့် တကယ်အလုပ်ပေးနိုင်ရင် လည်းထိုက်သင့်တဲ့ အကျိုးဆောင်ခ ကိုပဲယူသင့်ပါတယ်။ တစ်ချို့ အေးဂျင့်တွေဆို ပိုက်ဆံကို မတရားတောင်း ပြီတော့ ဟိုရောက်ရင် လစာဘယ်လောက်ရမယ် ဒီလောက်ရမယ် ပြောပြီး တကယ်လည်းဒီရောက်ရော မတန်မဆ နှိမ်ပြီးပေး မလုပ်နိုင်ရင် ပေးထားတဲ့ပိုက်ဆံ အဆုံး အဲဒီလို အကျပ်ကိုင်ကြတယ်။ အဲဒီတော့ လုပ်ချင်မလုပ်ချင် လုပ်ရတော့တယ် တချိုဆို ယူထားတာက ဒီပလိုမာ တွေ ဘွဲ့တွေ လုပ်နေကြရတာတွေက ဟို့သူများ အောက်ခြေသိမ်းအလုပ်တွေ။ ဘယ်သူကလုပ်ချင်မှာလည်း။ အဲဒါတွေက ဘယ်လိုဖြစ်ကြတာလဲ သေချာပြန်တွေးကြည့်ရင် ဘယ်သူကြောင့်လည်း။ လိမ်တဲ့သူ အပြစ်လား အလိမ်ခံရတဲ့သူအပြစ်လားဆိုတာ။ သေချာတာကတော့ နှစ်ဦးနှစ်ဖက်စလုံး အပြစ်ရှိလို့သာ ဒီကိစ္စတွေဖြစ်ပွားလာတာ။ ပြောတဲ့သူကလည်း သူစီးပွားရေးအတွက် ကောင်းအောင်ပြောပြပြီးလိမ်တယ်။ ယုံတဲ့သူကလည်း ဘားမှာ မစဉ်စားမလေ့လာပဲ တောင်သလောက်ကို ထိုးအပ်လိုက်တယ်။ အဲဒီတော့ အဲ့ဒီပြဿနာတွေ ပေါ်ပေါက်လာတယ်
ဟုတ်ပြီ အဲဒီတော့ သေချာစဉ်းစားရမယ်။ လာချင်တဲ့သူတွေ ဖက်က အရင်ဆွေးနွေးကြမယ်။ ဘာလို့လာချင်ကြတာလဲ နိုင်ငံခြားကို။ ကိုယ်မြန်မာပြည်မှာ စီးပွားရေးအဆင်မပြေလို့ ၊ အလုပ်အကိုင် အဆင်မပြေလို့ နိုင်ငံခြားမှာ အလုပ်လုပ်ရင် အဆင်ပြေမယ်ထင်ပြီး လာအလုပ်လုပ်ချင်ကြတယ်။ (အဲ့ဒီမှာ တစ်ခုပြောမယ် နိုင်ငံခြားမှာ အလုပ်လုပ်တိုင်းအဆင်ပြေမယ်လို့ တထစ်ချ မယုံကြည်သင့်ဘူး အဆင်ပြေတဲ့သူတွေရှိသလို မပြေတဲ့သူတွေများကြီးရှိတယ်)။ အဲဒီလိုအလုပ်လုပ်ချင်ကြတဲ့အတွက် ပိုက်ဆံတွေအများကြီးအကုန်ခံပြီး နိုင်ငံခြာကိုထွက်ကြရတယ်။ အဲဒီပိုက်ဆံအများကြီးကို အကုန်ခံတာ အရင်းအနှီးတစ်ခုပါပဲ၊ ဟုတ်ပြီး အဲဒီအရင်းအနှီးကို ဘယ်လိုအသုံးချမလဲ၊ သေချာစဉ်းစားသင့်တယ်။ တကယ်ကိုအလုပ်ရတာတောင် ပိုက်ဆံက တဖြည်းဖြည်းနဲ့ အလုပ်လုပ်ယူပြီးပြန်စုရဦးမှာ၊ ဒီ ကိုယ်ရင်းထားတဲ့ပိုက်ဆံပြန်ရဖို့။ နိုင်ငံခြားကို ရောက်တာနဲ့ ဒီကိုယ့်ပိုက်ဆံတွေက ပြန်ဝင်လာမှာ မဟုတ်သေးဘူး အလုပ်လုပ်ရဦးမှာ။ အလုပ်မှာ အဆင်ပြေဦးမှ အကြောင်အရာတွေက အများကြီးရှိတယ်။ တော်တော့်ကိုကြိုးကြိုးစားစားနဲ့လုပ်ရတယ်။ ကြိုးစားဖို့ဆိုရာမှာလည်း ကိုယ်မှာ အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုခု ရှိခဲ့ရင်တော့ နဲနဲ သက်သာစွာနဲ့ ကြိုးစားရမယ် ဒါမှမဟုတ်ရင်တော့ ခန္ဒာကိုယ်အားကိုရင်းပြီးတော့ ပင်ပင်ပန်ပန်းကြိုးစားကြရမယ်။ ဒါကဘယ်နိုင်ငံမှာမဆို တွေကြုံရမှာပဲ။ အဲ့ဒီလို လုပ်ကိုင်ဖို့အတွက် ကိုယ့်နိုင်ငံမှာဆိုရင်တော့ ပိုက်ဆံအများကြီးရင်းစရာမလိုဘူး။ သူများနိုင်ငံသွားပြီး အဲ့ဒီလိုကြိုးစားဖို့ ပိုက်ဆံအများကြီးရင်းစရာမလိုရင်တော့ တစ်မျိုးပေါ့။ ခုဟာက ပိုက်ဆံတွေအများကြီးရင်းရတော့မယ် အဲ့ဒီတော့ စဉ်းစားပါ။ ပိုက်ဆံမပေးခင် အားလုံးကိုလေ့လာပါ ကိုယ်နိုင်ငံခြားကို သွားလို့သင့်တော်ပါမလား။ ကိုယ့်မှာရော အဲဒီပိုက်ဆံ ရင်းဖို့ အဆင်သင့်ရှိရဲ့လား။ သူများဆီက နေအတိုးနဲ့ယူရမှာလား။ ပြီးတော့ ကိုယ်ဘယ်လောက်နားလည်လည်းကိုယ်သွားမည့်နိုင်ငံအကြောင်းကို။ သူများတွေသွားလို့အဆင်ပြေတိုင်း ကိုယ်အဆင်ပြေလိမ့်မယ်လို့ မယူဆသင့်ဘူး။ လေ့လာပါ သေချာအောင်။ ကိုယ်နဲ့လုပ်တဲ့အေးဂျင်က ဘယ်လိုအေးဂျင်မျိုးလဲဆိုတာ သိတဲ့သူတွေကို မေးစမ်းကြည့်ပါ။ ပြီးမှ လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့ သင့်တော်တဲ့ ပိုက်ဆံကို ပေးသင့်ပါတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ သဲထဲရေသွန်သလိုပါပဲ။ အဓိက ကတော့ နိုင်ငံခြားကိုသွားပြီးအလုပ်လုပ်ချင်တယ်ဆိုရင် ကိုယ်သွားချင်တဲ့နိုင်ငံရဲ့ အခြေအနေကို သေချာစွာစုံစမ်းနားလည်ထားသင့်တယ်။ လိမ်တဲ့သူတွေဆိုတာကလည်း သိနားလည်တဲ့သူတွေကို လိမ်လို့မရပါဘူး။ မသိနားမလည်တဲ့သူတွေကိုသာ လိမ်လို့ရတယ်။ တစ်ခါလိမ်ရင်တော့ လိမ်တဲ့သူအပြစ်၊ နှစ်ခါအလိမ်ခံရရင်တော့ အလိမ်ခံရတဲ့သူရဲ့အပြစ်ပဲ။ အဲ့ဒါကြောင်း ဒီနိုင်ငံခြားသွားပြီး အလုပ်လုပ်ဖို့အတွက် ပေးလိုက်ရတဲ့ပိုက်ဆံက နှစ်ခါမပြောနဲ့ တစ်ခါတောင် အလိမ်မခံသင့်ဘူး။ ဒီအလုပ်လုပ်ဖို့အတွက် ပေးလိုက်ရတဲ့ပိုက်ဆံက အေးအေးဆေးဆေး သက်သက်သာသာနဲ့ ပြန်ရမယ့် ပိုက်ဆံမဟုတ်ဘူး ကိုယ်ပင်ပင်ပန်ပန်း အလုပ်လုပ်ရဦးမယ် ကိုယ်လုပ်အားနဲ့ကိုယ်ရင်းပြီးမှ ပြန်ရလာမည့်ပိုက်ဆံတွေ။ သေချာစဉ်းစားသင့်ပါတယ်။ စကားမစပ် နိုင်ငံခြားမှာ( စင်္ကာပူ ) မှာဘယ်လိုအလုပ် လုပ်နေကြရတယ်ဆိုတာလေးကို အားလုံးကို နဲနဲဝေမျှချင်ပါတယ်။ နိုင်ငံခြားမှာ စတင်ပြီးအလုပ်လုပ်သည်ဆိုတာနှင့် ပထမဦးဆုံး တွေကြုံရမှာက ဘာသာစကား ကိုယ့်မိခင်တိုင်းပြည်မဟုတ်တော့ ကိုယ်မိခင် စကားနဲ့ပြောလို့မရတော့ဘူး ကိုယ်သွားမည့်နိုင်ငံရဲ့ ဘာသာစကားကို ပြောကြရတော့မယ်။ ကဲ့ကိုယ်ဘယ်လောက်ပြောနိုင်သလဲ မနက်အလုပ်စဆင်းလို့ ကိုယ့်သူဌေးနဲ့ အရင်စတွေ့မယ် ဘယ်လိုနုတ်ဆက်မလဲ။ သူကစကားစပြောတဲ့အခါမှာလည်းကိုယ်က ဘယ်လိုနားလည်သလဲ ဘယ်လောက်ထိနားလည်သွားလည်း၊ အလုပ်စလုပ်ဖို့အတွက် က သူကခိုင်းတဲ့ဟာကို ကိုယ်ကနားလည်မှ စတင်ပြီးအလုပ်လုပ်လို့ရမယ်။ဒါက ပထမဦးဆုံးတွေကြုံရမည့်ကိစ္စ အဲ့ဒီတော့ ဘာသာစကားဟာလည်း အရေးကြီးတဲ့ အချက်တစ်ချက်မှာ ပါဝင်တယ်။ စင်္ကာပူမှာဆိုရင်တော့ အင်္ဂလိပ်စကားက ပိုအရေးကြီးပါတယ်။ လုပ်ငန်းခွင်မှာ အင်္ဂလိပ်စာကို လည်လည်ပတ်ပတ်ပြောနိုင်ခဲ့ရင်တော့ အလုပ်လုပ်ရတာ ပိုပြီးအဆင်ပြေချောမွေ့စေပါတယ်။ အဲဒီလိုမှ မပြောနိုင်တောင်မှ ထမင်းစားရေသောက်တော့ ပြောတတ်သင့်ပါတယ် ဒါမှမဟုတ်ရင်တော့ အလုပ်သွားဖို့ကိုက ကြီးမားတဲ့စိတ်အနှောက်အယှက် ဖြစ်စေတတ်ပါတယ်။ အဓိက ကတော့ ကိုယ်တတ်ကျွမ်းတဲ့ပညာလေးနဲ့ အင်္ဂလိပ်စကားကို နဲနဲ ပါပါပြောနိုင်ရင်တောင် အလုပ်လုပ်ရတာအဆင်ပြေ နိုင်ပါတယ်။ နောက်တစ်ခုကဒီမှာ အလုပ်လုပ်တော့မည်ဆိုရင် ကိုယ်ဘက်က တတ်ကျွမ်းတဲ့ပညာရပ်တစ်ခုခုတော့ ရှိထားသင့်ပါတယ်။ ကိုယ်ဝါသနာပါတဲ့ အတတ်ပညာကိုသေချာလေ့လာဆည်းဖူးပြီးတော့မှ လာသင့်ပါတယ်။ ဒီမှာဘာခေတ်စားနေလို့ ဒီဟာလေးကိုပဲခဏသင်ပြီတော့ သွားမယ်လို့တော့ မဆုံးဖြတ်လိုက်ပါနဲ့။ ပထမဦဆုံး အင်တာဗျူမှာတင် အခက်အခဲတွေ့နိုင်ပါတယ်။ တချို့တွေဆို လုပ်ငန်းခွင်ဝင်ပြီးတာတောင်မှ သူအလုပ်ကို သူ မလုပ်တတ်လို့ ပြန်ပို့ခံရ ဖူူးတယ်။ အဲဒါတွေက လုပ်ငန်းမကျွမ်းကျင်တဲ့သာဓကတွေပဲ။ သူများတွေတောင် ခုမှစင်္ကာပူ ရောက်တယ် လစာလေးကကောင်းပြီး အဆင်ပြေနေတာကို ကြည့်ပြီး ကိုယ်လည်းရလိမ်မယ် လို့မထင်လိုက်ပါနှင့်။ သူတို့မှာ သူတို့တတ်ကျွမ်းတဲ့ ပညာနှင့်သူတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းကို အသုံးချပြီး အဆင်ပြေနေကြတာပါ။ ဘယ်သူမှ ဒီမှာလွယ်လွယ်ကူကူနှင့် အဆင်မပြေကြပါဘူး။ ကိုယ်လည်း အဲ့ဒီလို အဆင်ပြေချင်ရင် ကိုယ့်အမိမြေမှာတင် လုပ်ငန်းအတွေ့အကြုံရအောင် ပထမဦးဆုံးလေ့လာသင့်တယ်။ ကိုယ်တကယ်တတ်ကျွမ်းပြီဆို မှ သူများနိုင်ငံကို ထွက်သင့်ပါတယ်။ ဒါမှလည်း ထိုက်သင့်တဲ့ လစာနှင့် သင့်တော်တဲ့ နေရာမှာ အဆင်ပြေစွာနှင့် အလုပ်လုပ်နိုင်မှာ ပါ။ ဒါတွေ ကျွန်တော် တင်ပြနေတာက ဘယ်သူမဆို အလုပ်ကို အေဂျင့် နဲပဲရှာရှာ၊ ကိုယ်တိုင်ပဲ ရှာရှာ သိထားသင့်တဲ့အချက်လေးတွေထင်လို့ တင်ပြရတာပါ။ မြန်မာတွေ ကမ္ဘာအလယ်မှာ မျက်နှာမငယ်ရအောင် ကျွန်တော်တို့တတွေ ကြိုးစားသင့်ပါတယ်။ လူတိုင်းမှာ တာဝန်ရှိပါတယ်။
Thursday, July 10, 2008
စင်္ကာပူတွင် အလုပ်လုပ် မည်ဆိုသော်
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 1:38 PM 2 ယောက်က ဒီလိုမြင်တယ်
Labels: ဆောင်းပါး
Tuesday, April 8, 2008
လူတစ်မျိုုးရှိသည်
လောကကြီးတွင်လူတစ်မျိုးရှိသည်......
ကိုယ်နှင့်အတူရှိနေသော အချိန်များတွင် အစားအသောက် ကောင်းများကို ကိုယ့်အတွက်
အမြဲချန်ထားတတ်ပြီး ရာသီဥတုအေးလျှင် အနွေးထည်ထပ်ဖို့ အပြင်ထွက်လျှင်အစစအရာအရာ
သတိနှင့်နေဖို့ ဂရုတစိုက် အမြဲမှာတတ်သည်။ တစ်ခါတစ်ရံ ထိုအပြောများကို ကိုယ်ကနားပူသည်ဟု
ထင်ခဲ့သော်လည်း စိတ်ထဲတွင်မူ နွေးထွေးသောမေတ္တာကို ခံစားရသည်။ ကိုယ့်မုန့်ဖိုးလိုသောအချိန် လက်ဖြန့်တောင်းလျှင် ပိုက်ဆံရှာရသည်မှာ မည်မျှ ခက်ခဲကြောင်း၊ ပိုက်ဆံ၏ တန်ဖိုးကို ပြောပြတတ်သည်။ ပါးစပ်က တပျစ် တောက်တောက် ရေရွတ်နေသော်လည်း လက်က ပိုက်ဆံကမ်းပေးနေတတ်သည်။
ထိုလူမျိုးကို မိဘ ဟုခေါ်သည်။
လောကကြီးတွင် လူတစ်မျိုးရှိသည်.......
အမှားအမှန် ခွဲခြားသိမြင်အောင် သွန်သင်ဆုံးမတတ်ပြီးသားသမီး အရင်းချာကဲ့သို့ ပဲ့ကိုင်လမ်းညွှန်တတ်သည်။ စည်းကမ်းတွေ ချမှတ်ပေးတတ်ပြီး ဗဟုသုတများကို မျှဝေပေးတတ်သည်။ ဆူပူကြီမ်းမောင်းခြင်းမှာလည်း လူတော်လူကောင်းဖြစ်စေချင်သော စေတနာသာလျှင်ဖြစ်သည်။
ထိုလူမျိုးကို ဆရာ ဟုခေါ်သည်။
လောကကြီးတွင် လူတစ်မျိုးရှိသည်..........
တစ်ခါတစ်ရံ ကိုယ်နှင့်ရန်ဖြစ်တတ်ပြီး စကားနိုင်လည်း လုတတ်သေးသည်။ ကိုယ့်ဝေစုကိုလုစားတတ်ပြီး မိဘကိုလည်း အတိုင်အတော လုပ်တတ်သေးသည်။ သို့သော် ကိုယ့်ကို တစ်ခြားလူများထက်ပိုချစ်ပြီး ပိုဂရုစိုက်တတ်သည်။ ရေးကြုံပါကသွေးနီးကြသည်။
ထိုလူမျိုးကို မောင်နှမ ဟုခေါ်သည်။
လောကကြီးတွင် လူတစ်မျိုးရှိသည်.........
မတွေ့ မမြင်ရလျှင် လွမ်းနေတတ်ပြီး တွေပြန်လျှင် ရင်တွေခုန်ကာ ဆွံအနေတတ်သည်။ စိတ်ထဲ အတွေးထဲတွင် အမြဲလွှမ်းမိုးနေတတ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်အောင်လည်း အိပ်မက်ထဲထိ ကြီးစိုးနေတတ်သည်။ ကိုယ့်အတွက် အလှပဆုံးနှင့် အချိုမြိန်ဆုံး ပန်းသီလေး တစ်လုံးလိုပင်။
ထိုလူမျိုးကို ချစ်သူ ဟုခေါ်သည်။
လောကကြီးတွင် လူတစ်မျိုးရှိသည်........
တခြားလူ မသိသော ကိုယ်၏လျှို့ဝှက်ချက်များကို သူသိသည်။ ကိုယ်စာမရသော အချိန်တွင် ရှင်းပြတတ်ပြီး ကိုယ်အမှားလုပ်မိသော အချိန်တွင် ကိုယ်ဘက်မှ ရပ်တည်ပြီး ဝန်ခံပေးတတ်သည်။ အားငယ်သော အချိန်တွင် အားပေးတတ်ပြီး ဝမ်းနည်းနေသည့် အချိန်များတွင် နှစ်သိမ့်တတ်သည်။ ကိုယ်အဆင်ပြေလျှင် သူ့ကို မေ့နေတတ်ပြီး အဆင်မပြေသော အချိန်များတွင် ကိုယ်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည် နားထောင်ပေး တတ်သည်။ ကိုယ်နှင့်အတူရှိနေမည့် အချိန်များက ချစ်သူတစ်ယောက်ထက်ပင် ကြာရှည်ခိုင်မြဲတတ်သည်။
ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်။
လောကကြီးတွင်လူတစ်မျိုးရှိသည်.......
မိဘ၏ဆိုဆုံးမမူနှင့် နွေးထွေးသော မေတ္တာအောက်တွင် ကြီးပြင်းလာခဲ့သည်။ ဆရာများ၏သွန်သင်ဆုံးမမူ အောက်တွင် အမှားအမှန်ကို ခွဲခြားတတ်လာခဲ့သည်။ မောင်နှမများ၏ ချစ်ခင်မူအောက်တွင် စည်းလုံးခြင်းတွေ ရယူတတ်လာခဲ့သည်။ ချစ်သူ၏ ကြင်နာ ယုယမူ အောက်တွင် အချစ်စစ်ကို ရှာဖွေတတ်လာခဲ့ပြီး သူငယ်ချင်းများ၏ ကူညီမူအောက်တွင် ဘဝ၏တက်လမ်းကို ရွေးချယ်တတ်လာခဲ့သည်။ ထိုသူများသည် ကိုယ်ဘဝထဲသို့ ဧည့်သည်တစ်ယောက်လို ဝင်လာကြသည်။ အချိန်တန်လျှင် ထွက်သွားကြသည်။ သူတိုသည်ဘဝကို အသိဉာဏ်နှင့် ဗဟုသုတ တိုးပွားအောင်ကူညီပေးကြသည်။ ဘဝိကို ပျော်ရွှင်မှူများဖြင့် စိုပြည်စေခဲ့သည်။ ထိုသူများကို ကျေးဇူးတင်ကြောင်း လှိုက်လှိုက်လှဲလှဲပြောဖို့ တစ်ခါတစ်ရံ မေံနေတတ်သည်။
ထိုလူမျိုးမှာ ကိုယ့်ကိုယ်တိုင် ပင်ဖြစ်ပါသည်။
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 10:42 AM 1 ယောက်က ဒီလိုမြင်တယ်
Labels: ဆောင်းပါး
Thursday, April 3, 2008
စိတ်
ကျွန်တော့် blog ကို လာရောက်လည်ပတ်ကြသော သူငယ်ချင်းအားလုံးကို ကျေးဇူးတင် ပါတယ်။ ကျွန်တာ့်ရဲ့ post တွေကို စောင့်မျှော် ဖတ်ရှူ့နေတဲ့ သူငယ်ချင်းများကိုလည်း အားနာပါတယ်။ ခုရက်ပိုင်း ကျွန်တော် blog နှင့် နဲနဲ အဆက်ပြတ်သွားခဲ့တယ် post အသစ်လည်းမတင်ဖြစ်ဘူး။ ခုဆိုရင် ဧပြီလ ရောက်လာ လို့ နဲ့ တူတယ် နဲနဲ ရူးချင်လာတယ်၊ အဲဒီလိုပဲ လူဆိုတဲ့ သတ္တဝါဟာ အရူးတွေပဲ တစ်မျိုး တစ်ဘာသာစီရူးနေကြတာပဲ အဲ့တာကြောင့် သတိဆိုတဲ့ ချွန်းလေးနဲ့ထိန်းကြောင်းနိုင်ပါမှ ဘဝကို မှန်မှန်ကန်ကန်လျှောက်လှမ်းနိုင်မယ်။
"သတိတစ်လုံး လက်ကိုင်သုံး အဆုံး နိဗ္ဗာန်ပြည် " တဲ့ ကျွန်တာ်တို့ ဗုဒ္ဓဘာသာဝင်တွေ ရဲ့ အဆုံးပန်းတိုင်ဟာ နိဗ္ဗာန် ပဲဖြစ်တယ်။ ဗုဒ္ဓ ဘာသာဝင်တိုင်းဟာ ဘုရားရှိခိုး ဆုတောင်းတိုင်း နိဗ္ဗာန်ရောက်ရပါလို၏ တဲ့ ဆုတောင်းတတ်ကြပါတယ်။ ဒါပေမယ် တကယ် နိဗ္ဗာန်ရောက်ချင်တဲ့ စိတ်ရော တကယ်ရှိရဲ့လားဆိုတာ အရင်မေးရမယ်။
ကျွန်တော်ကြားဘူးတဲ့ ပုံပြင်ထဲကလို "နောက်အခေါက်များကြမှပဲ နိဗ္ဗာန်ကို လိုက်ပါတော့မည် ဘုရား" လိုဖြစ်နေပြီ
တစ်ခါက ရွာတစ်ရွာမှာ သူကြီး တစ်ဦး ရှိသတဲ့ သူ့မှာ ချစ်လှစွာသော ဇနီး နှင့် သားသမီး ၂ ယောက်ရှိတယ်။ သူဟာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ပြီး ဘုရားတရားကို အလွန်ရိုသေ ကိုင်းရှိုင်းတယ်၊ ပြီးတော့ အပေါင်းအသင်းတွေနဲ့ စကားပြောတိုင်း နိဗ္ဗာန်ရောက်ချင်ကြောင်းအမြဲပြောလေ့ရှိတယ်၊ဘုရားရှိခိုးရင်လည်း နိဗ္ဗာန်ရောက်ရပါလို၏ဟုဆုတောင်းကြောင်း ပြောလွန်းအားကြီးလို့ အပေါင်းအသင်းတွေတောင် နဲနဲ နားကြားပြင်းကပ်လာတယ်။ ပြီတော့သူဟာ မနက်တိုင်း ရွာဦးစေတီမှာ ပန်း၊ဆီမီး ကပ်လှူပြီး ဘုရားရှိခိုးတယ် ပြီးရင် နိဗ္ဗာန်ရောက်ရပါလို၏ဟု ကျယ်လောင်စွာဆုတောင်းတယ်။ နေ့စဉ်နဲ့ အမျှ အဲဒီလို ဆုတောင်းသံကို ကြားရတော့ အဲဒီရွာဦးစေတီနားက ဘုန်းကြီးကျောင်းမှ ကပ္ပိယ ကြီးက နောက်ချင်စိတ်ဖြစ်လာပြီး တစ်ရက်ကြတော့ ကပ္ပိယကြီးက စေတီရဲ့နောက်ကွယ်မှာ ပုန်းနေပြီး
သူကြီးရဲ့ ဘုရားရှိခိုးအပြီးကို စောင့်ဆိုင်းနေတယ်။ သူကြီးလည်း ထုံးစံအတိုင်း ဘုရားရှိခိုးအပြီး နိဗ္ဗာန်ရောက်ရပါလို၏ ဘုရားဟု ကျယ်လောင်စွာဆုတောင်းတယ်၊
သူဆုတောင်းအပြီး ကပ္ပိယကြီးရဲ့ အသံလည်းကျယ်လောင်စွာထွက်ပေါ်လာတယ်။
" ချစ်သား.... မောင်မင်းရဲ့ ဆုတောင်းသံကြောင့် ငါသိကြား မနေသာ၍ လူပြည်ကို ဆင်းသက်လာတယ်၊ မောင်မင်း ရောက်ချင်တဲ့ နိဗ္ဗာန်ပြည်သို့ ပို့ဆောင်ပေးရန် ငါသိကြား ရောက်လာခြင်းဖြစ်တယ်၊ ခုပင် မဆိုင်းမတွ လိုက်ခဲ့ပေတော့ မောင်မင်း"
သူကြီးလည်း ရုတ်တရက် အသံကြားလိုက်ရတော့ တော်တော်လေးကို အံသြသွားတယ်။
ပြီးတော့ဘာပြန်ပြောရမှန်းမသိဖြစ်သွားတယ်။ ပြီးတော့ ကပ္ပိယကြီးရဲ့ အသံ ထွက်ပေါ်လာပြန်တယ် နိဗ္ဗာန်ပို့ပေးမယ့်အကြောင်းထပ်ပြောတယ် သူကြီးလည်း နဲနဲတွန့်ဆုတ်တွန့်ဆုတ်ဖြစ်လာတယ်။
ဒါကိုကပ္ပိယကြီးကသိတော့ နောက် တကြိမ်ထပ်ခေါ်ပြန်တယ်၊ အဲဒီတော့ သူကြီးလည်း မနေသာတောပဲ ဒီလိုပြန်ပြောလိုက်တယ်
" အရှင်သိကြားမင်း ကျွန်တော်မျိုး လိုက်ချင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်မျိုးရဲ့ ဇနီး နှင့် သားသမီးတွေကို မပြောရသေးပါ သိကြားမင်း၊ ပြီးတော့ ကျွန်တော့်မှာလည်း ရွာသူကြီးဆိုတော့ ရွာတာဝန်တွေက လည်းရှိသေးပါတယ် သိကြားမင်း အဲ့ဒီအတွက်ကြောင့် သိကြားမင်း ပို့ပေးမယ့် နိဗ္ဗာန်ပြည်ကို လည်းသွားချင်ပါတယ် ဒါပေမယ့် နောက်အခေါက်များကြမှပဲ နိဗ္ဗာန် ကို လိုက်ပါတော့မည် ဘုရား"
အဲဒီနေ့ကစပြီး သူကြီးလည်း နိဗ္ဗာန်သွားချင်ကြောင်း ဘယ်သူကိုမှ မပြောတော့ဘူး။
တကယ်တော့ လူတိုင်းဟာ နိဗ္ဗာန်ရောက်ချင်ကြတယ်။ ဒါမှလည်း သံသရာမှ လွတ်မြောက်ကြမည် မဟုတ်လား။ တကယ်တော့ သံသရာမှ လွတ်မြောက်ဖို့ရာ ဆုတောင်းနေရုံနှင့် မပြီးသေးဘူး
မြတ်စွာဘုရား ချမှတ်ပေးထားတဲ့ နည်းလမ်း၊ကျင့်ဝတ်တွေကို တကယ်လိုက်နာကျင့်သုံး မှသာ တကယ်လွတ်မြောက်နိုင်မှာပါ။ သေချာတဲ့နည်းလမ်းတွေ၊ သေချာတဲ့ ကျင့်ဝတ်တွေ က တကယ်ရှိနေတာ လူတွေက သိတော့သိကြတယ် မလုပ်နိုင်ကြတဲ့သူတွေကများတယ်။ ပြီးတော ဒီသံသရာက လွတ်မြောက်ချင်တယ် ပြောနေပြီးတော့ ဒီသံသရာထဲမှာ ပဲပျော်မွေ့နေကြတယ်။ အဲ့တာကို သတိလေးကပ် ထားဖို့တော့ နဲနဲလိုလိမ့်မယ်။ အဲ့ဒီသတိဆိုတာကလည်း စိတ်နဲ့ပဲဆိုင်တယ်၊ ကျွန်တော်တို့တတွေဟာ ဒီလောကကြီထဲမှာ နေ့စဉ် ရုန်းကန် လှုပ်ရှားရင်းနဲ့ ဘဝတွေကို ရှေ့ဆက်နေကြရတယ်။ နေ့စဉ်လူတိုင်းရဲ့ စိတ်အစဉ်မှာ ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်း၊ သနားခြင်း၊ ဒေါသဖြစ်ခြင်း၊ မနာလိုခြင်း အဲ့ဒီ အရာတွေအားလုံးဟာ စက္ကန့်မလပ်ဖြစ်ပေါ်နေကြတယ်။ အဲ့ဒီ ဖြစ်ပေါ်နေ့တဲ့ စိတ်တွေကို သတိလေးနဲ ယှဉ်ပြီး ဆင်ခြင်ကြည့် ရင် ဘဝဟာပိုပြီးအဓိပါယ် ရှိလာလိမ့်မယ်၊ ပျော်ရွှင်တယ် ဘာလို့ ပျော်ရွှင်တာလဲ၊ စိတ်ညစ်တယ် ဘာလို့စိတ်ညစ်တာလဲ၊ အစရှိသဖြင့် နဲနဲလေးစဉ်းစား ကြည်ရင် နေရထိုင်ရတာ တော်တော်ပေါ့ပါးလာလိမ့်မယ်။ ပြီးတော နေ့စဉ်ကိုယ်ဘာပဲ လုပ်လုပ် တစ်ဘက် စွန်းမရောက်ဖို့လည်းအရေးကြီးတယ်။ ဗုဒ္ဓမြတ်စွာ ချမှတ်ခဲ့သော မဇ္ဖျိမပဋိပဒါ အလယ်အလတ်လမ်းစဉ် ဆိုတာ ကြည့်လိုက်ရင်တော လွယ်လွယ်လေးပါဘဲ ဒါပေမယ့် တကယ်စောင့်ထိန်းလိုက်နာဖို့ဆိုတာကတောတော်တော်လေးကို ခဲယဉ်းပြီးတော အရမ်းကိုသိမ်မွေ့ နက်နဲ ခက်ခဲတဲ့ အလုပ်ပဲ။ အဲဒါကြောင့် ကျွန်တော်တို့ကြိုးစားကျင့်ကြံနေထိုင် ဖို့ရေးကြီးပါတယ်။ ဘဝဆိုတာ အရမ်းကိုတိုလွန်းပါတယ်၊ အဲဒီတိုတောင်းလှတဲ့ဘဝလေးမှာ ဘာတွေကို များ လောဘတကြီးနှင့် တွယ်ဖက်နေဦးမှာလဲ။ လုပ်သင့်လုပ်ထိုက်တာကို အချိန်ကုန်မခံပဲ လုပ်သင့်ပြီလို ကျွန်တော်ယူဆရပါတယ်။ ဒါပေမယ် သိတော့သိတယ် မလုပ်နိုင်သေးတောင်မှ စိတ်ထားလေးတွေကို ပြုပြင် ထိန်းသိမ်းသွားကြမယ် ဆိုရင်ဖြင့် ကျွန်တော်တို့ဟာ တချိန်ကြရင် သေဖို့အတွက် အဆင်သင့် ဖြစ်နေပါမည်။
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 2:06 PM 0 ယောက်က ဒီလိုမြင်တယ်
Labels: ဆောင်းပါး
Wednesday, March 26, 2008
ပိုလာဝက်ဝံရဲ့ပုံပြင်
မြောက်ဝင်ရိုးစွန်းမှာနေတဲ့ ပိုလာဝက်ဝံရဲ့ ပုံပြင်တစ်ပုဒ်ကို ကြားဖူးပါသလား....?
အေးခဲတဲ့ မြောက်ဝင်ရိုးစွန်းမှာ ပိုလာဝက်ဝံတွေဟာ ဘုရင်တစ်ဆူလိုပဲ။ ဒါပေမယ့် အက်စကီးမိုး လူမျိုးတွေက ဘာမှ
အင်အားထုတ်စရာမလိုဘဲ အဲဒီဝက်ဝံတွေကိုဖမ်းနိုင်တယ်။
ဘယ်လိုဖမ်းသလဲဆိုတော့ အက်စကီးမိုးတွေက ဖျံတစ်ကောင်ကို အရင်သတ်လိုက်ပြီး ဖျံရဲ့သွေးကို ပုံးတစ်ခုထဲ
ထည့်ထားလိုက်တယ်။ အသွားနှစ်ဖက်ပါတဲ့ ဓါးမြှောင်ကို သွေးထဲမှာ စိုက်ထားလိုက်တယ်။ အရမ်းအေးတဲ့အတွက် ဖျံသွေးဟာ
အချိန်တိုအတွင်းမှာ ခဲသွားပါတယ်။ အဲဒီအေးခဲသွားတဲ့ ဓါးမြှောင်ပါတဲ့ ဖျံသွေးကို ပုံးထဲကထုတ်ပြီး ရေခဲပြင်မှာ ပစ်ထားလိုက်ရုံပါပဲ။
ဝက်ဝံတွေက သွေးအရမ်းကြိုက်တယ်။ အဲဒီအကြိုက်ကပဲ သူတို့ကို သေမင်းလက်ထဲ ရောက်စေခဲ့တယ်။ အနံ့ခံကောင်းတဲ့
သူတို့ဟာ သွေးညှီနံ့ကို အဝေးကြီးကတောင် ရနိုင်ပါတယ်။ အက်စကီးမိုးတို့ ပစ်ထားတဲ့ သွေးခဲကို ခြေရာခံပြီး တွေ့တာနဲ့
အငမ်းမရ လျှာနဲ့ စတင်လျက်ပါတော့တယ်။ လျက်ရင်း လျက်ရင်း လျှာခဲသွားလည်း အစာကောင်းကို လက်မလွတ်ချင်တာနဲ့
ဆက်လျက်ပါတယ်။ အဲဒီနောက် ခဲနေတဲ့သွေးက ပိုချိုလာတယ်။ ပိုလတ်ဆတ်လာတယ်။ ပိုပူနွေးလာတယ်ဆိုကို
သတိမထားမိတော့တဲ့အထိပါပဲ။
လျက်လေ အရသာရှိလေ၊ အရသာရှိလေ လျက်လေနဲ့ သူတို့ရဲ့သွေးကို သူတို့ သောက်နေမိမှန်းတောင် မသိကြတော့ပါဘူး။
အကြောင်းက သွေးခဲအလယ်မှာ စိုက်ထားတဲ့ ဓားက လျက်နေတဲ့ သူတို့လျှာကို လှီးဖြတ်နေခဲ့လို့ပဲ။ အအေးဓာတ်ကြောင့်
ထုံနေတဲ့ လျှာက နာကျင်တာကို မခံစားမိတော့ဘူး။ အနံ့ခံကောင်းတဲ့ နှာခေါင်းက လတ်ဆတ်တဲ့ သွေးနံ့ရလေ လျက်နှုန်းက
မြန်လေလေ နောက်တော့ ကိုယ့်သွေးကို ကိုယ်ပြန်သောက်နေမိတော့တယ်။ နောက်ဆုံးတော့ သွေးထွက် လွန်ပြီး
မူးလဲသွားပါတယ်။ အဲဒီအချိန်မှာ အက်စကီးမိုးတွေက သူတို့ကို ဘာအင်အားမှ မသုံးဘဲ ဖမ်းလိုက်ရုံပါပဲ။
ဘဝရဲ့ ပျော်ရွှင်ခြင်းတွေကို ရှာဖွေတဲ့အချိန်မှာ အတွေးအခေါ်၊ အယူအဆတွေ လွဲမှားခဲ့ရင် ကျွန်တော်တို့ဟာလည်း
ပိုလာဝက်ဝံနဲ့ တူသွားနိုင်တယ်။ တစ်ချို့လူတွေက အလုပ်ချိန် များများလုပ်လေ ပိုအောင်မြင်လေလေ ဝင်ငွေများများ
ရလေလေလို့ ထင်တတ်ကြတယ်။ ဒါပေမယ့် သူတို့မှာ အဲဒီငွေကြေးကို ဖြုန်းဖို့ အချိန်မရှိခဲ့ကြဘူး။ တစ်ချို့က အဲဒီငွေကြေးကို
ဘယ်လိုသုံးရမယ်မှန်းမသိကြဘူး။
ဝင်ငွေများလာတာနဲ့နည်းတူ တစ်ဖက်မှာလည်း တစ်ချို့အရာတွေကို သူတို့ဆုံးရှုံး ကြရတယ်။ လူ့ဘဝရဲ့ တန်ဖိုးအရှိဆုံး
အရာဖြစ်တဲ့ မိသားစုနဲ့အတူနေတဲ့ အချိန်တွေ၊ နွေးထွေးတဲ့ မိဘမေတ္တာငတ်နေတဲ့ သားသမီးတွေ၊ လူမှုရေး၊ ကျန်းမာရေး၊
လူတစ်ဖက်သားကိုကူညီဖို့အရေးဆိုတာကိုတောင်သူတို့မေ့နေခဲ့ကြတယ်။
အမေရိကားရဲ့ အပတ်စဉ် ဂျာနယ်တစ်ခုက အငြိမ်းစားယူကုန်ကြတဲ့ ထိပ်သီးစီးပွါးရေး ပညာရှင် ဆယ်ဦးကို မေးခွန်းမေးပြီး
စာရင်းလုပ်ခဲ့ဖူးတယ်။ မေးခွန်းက “ တကယ်လို့ ဘဝကို အသစ်ပြန်စရရင် သင်အမျှော်လင့်ဆုံးနဲ့ လက်မလွတ်ချင်ဆုံးအရာက
ဘာလဲ” တဲ့။ ပညာရှင် ခုနှစ်ဦးက တူညီတဲ့ အဖြေကိုပေးခဲ့ပါတယ်။ အဖြေက “ တကယ်လို့ ဘဝကို အသစ်ပြန်စရရင်
သားသမီးတွေနဲ့အတူနေတဲ့အချိန်ကိုလက်မလွတ်ချင်ဆုံးပါ”လို့ပြန်ဖြေခဲ့ကြတယ်။
တစ်ချို့လူတွေက ဆုံးဖြတ်ပြီးရင် နောင်တမရဘူးလို့ ပြောတတ်ကြတယ်။ ဒါပေမယ့် မဆုံးဖြတ်ခင် သေချာ မစဉ်းစားခဲ့ရင်
နောက်ဆုံးတော့ နောင်တ ရကြစမြဲပါပဲ။ ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။ ငွေဟာ
ရှာလို့မကုန်နိုင်တ့ ဲ အရာပါတဲ့... ရှာလေလေ ရလေလေ လိုချင်လေလေ နောက်ဆုံးတော့ လုံလောက်ပြီလို့ မထင်ဘဲ
ငွေနောက်ကိုပဲ ကောက်ကောက်ပါ ကုန်ကြတယ်တဲ့။ ကျွန်တော်တို့ဟာ ပိုလာဝက်ဝံလို ကိုယ့်သွေးကို သောက်ပြီး
ပျော်နေကြတဲ့လူ ဖြစ်နေခဲ့ပြီလား...?
တင်းတိမ် ရောင့်ရဲနိုင်တဲ့လူက ဘယ်တော့မှ မဆင်းရဲဘူး။ မတင်းတိမ်နိုင်တဲ့လူက အမြဲဆင်းရဲနေတယ်။
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 5:05 PM 1 ယောက်က ဒီလိုမြင်တယ်
Labels: ဆောင်းပါး


