လောကကြီးတွင်လူတစ်မျိုးရှိသည်......
ကိုယ်နှင့်အတူရှိနေသော အချိန်များတွင် အစားအသောက် ကောင်းများကို ကိုယ့်အတွက်
အမြဲချန်ထားတတ်ပြီး ရာသီဥတုအေးလျှင် အနွေးထည်ထပ်ဖို့ အပြင်ထွက်လျှင်အစစအရာအရာ
သတိနှင့်နေဖို့ ဂရုတစိုက် အမြဲမှာတတ်သည်။ တစ်ခါတစ်ရံ ထိုအပြောများကို ကိုယ်ကနားပူသည်ဟု
ထင်ခဲ့သော်လည်း စိတ်ထဲတွင်မူ နွေးထွေးသောမေတ္တာကို ခံစားရသည်။ ကိုယ့်မုန့်ဖိုးလိုသောအချိန် လက်ဖြန့်တောင်းလျှင် ပိုက်ဆံရှာရသည်မှာ မည်မျှ ခက်ခဲကြောင်း၊ ပိုက်ဆံ၏ တန်ဖိုးကို ပြောပြတတ်သည်။ ပါးစပ်က တပျစ် တောက်တောက် ရေရွတ်နေသော်လည်း လက်က ပိုက်ဆံကမ်းပေးနေတတ်သည်။
ထိုလူမျိုးကို မိဘ ဟုခေါ်သည်။
လောကကြီးတွင် လူတစ်မျိုးရှိသည်.......
အမှားအမှန် ခွဲခြားသိမြင်အောင် သွန်သင်ဆုံးမတတ်ပြီးသားသမီး အရင်းချာကဲ့သို့ ပဲ့ကိုင်လမ်းညွှန်တတ်သည်။ စည်းကမ်းတွေ ချမှတ်ပေးတတ်ပြီး ဗဟုသုတများကို မျှဝေပေးတတ်သည်။ ဆူပူကြီမ်းမောင်းခြင်းမှာလည်း လူတော်လူကောင်းဖြစ်စေချင်သော စေတနာသာလျှင်ဖြစ်သည်။
ထိုလူမျိုးကို ဆရာ ဟုခေါ်သည်။
လောကကြီးတွင် လူတစ်မျိုးရှိသည်..........
တစ်ခါတစ်ရံ ကိုယ်နှင့်ရန်ဖြစ်တတ်ပြီး စကားနိုင်လည်း လုတတ်သေးသည်။ ကိုယ့်ဝေစုကိုလုစားတတ်ပြီး မိဘကိုလည်း အတိုင်အတော လုပ်တတ်သေးသည်။ သို့သော် ကိုယ့်ကို တစ်ခြားလူများထက်ပိုချစ်ပြီး ပိုဂရုစိုက်တတ်သည်။ ရေးကြုံပါကသွေးနီးကြသည်။
ထိုလူမျိုးကို မောင်နှမ ဟုခေါ်သည်။
လောကကြီးတွင် လူတစ်မျိုးရှိသည်.........
မတွေ့ မမြင်ရလျှင် လွမ်းနေတတ်ပြီး တွေပြန်လျှင် ရင်တွေခုန်ကာ ဆွံအနေတတ်သည်။ စိတ်ထဲ အတွေးထဲတွင် အမြဲလွှမ်းမိုးနေတတ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်အောင်လည်း အိပ်မက်ထဲထိ ကြီးစိုးနေတတ်သည်။ ကိုယ့်အတွက် အလှပဆုံးနှင့် အချိုမြိန်ဆုံး ပန်းသီလေး တစ်လုံးလိုပင်။
ထိုလူမျိုးကို ချစ်သူ ဟုခေါ်သည်။
လောကကြီးတွင် လူတစ်မျိုးရှိသည်........
တခြားလူ မသိသော ကိုယ်၏လျှို့ဝှက်ချက်များကို သူသိသည်။ ကိုယ်စာမရသော အချိန်တွင် ရှင်းပြတတ်ပြီး ကိုယ်အမှားလုပ်မိသော အချိန်တွင် ကိုယ်ဘက်မှ ရပ်တည်ပြီး ဝန်ခံပေးတတ်သည်။ အားငယ်သော အချိန်တွင် အားပေးတတ်ပြီး ဝမ်းနည်းနေသည့် အချိန်များတွင် နှစ်သိမ့်တတ်သည်။ ကိုယ်အဆင်ပြေလျှင် သူ့ကို မေ့နေတတ်ပြီး အဆင်မပြေသော အချိန်များတွင် ကိုယ်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည် နားထောင်ပေး တတ်သည်။ ကိုယ်နှင့်အတူရှိနေမည့် အချိန်များက ချစ်သူတစ်ယောက်ထက်ပင် ကြာရှည်ခိုင်မြဲတတ်သည်။
ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်။
လောကကြီးတွင်လူတစ်မျိုးရှိသည်.......
မိဘ၏ဆိုဆုံးမမူနှင့် နွေးထွေးသော မေတ္တာအောက်တွင် ကြီးပြင်းလာခဲ့သည်။ ဆရာများ၏သွန်သင်ဆုံးမမူ အောက်တွင် အမှားအမှန်ကို ခွဲခြားတတ်လာခဲ့သည်။ မောင်နှမများ၏ ချစ်ခင်မူအောက်တွင် စည်းလုံးခြင်းတွေ ရယူတတ်လာခဲ့သည်။ ချစ်သူ၏ ကြင်နာ ယုယမူ အောက်တွင် အချစ်စစ်ကို ရှာဖွေတတ်လာခဲ့ပြီး သူငယ်ချင်းများ၏ ကူညီမူအောက်တွင် ဘဝ၏တက်လမ်းကို ရွေးချယ်တတ်လာခဲ့သည်။ ထိုသူများသည် ကိုယ်ဘဝထဲသို့ ဧည့်သည်တစ်ယောက်လို ဝင်လာကြသည်။ အချိန်တန်လျှင် ထွက်သွားကြသည်။ သူတိုသည်ဘဝကို အသိဉာဏ်နှင့် ဗဟုသုတ တိုးပွားအောင်ကူညီပေးကြသည်။ ဘဝိကို ပျော်ရွှင်မှူများဖြင့် စိုပြည်စေခဲ့သည်။ ထိုသူများကို ကျေးဇူးတင်ကြောင်း လှိုက်လှိုက်လှဲလှဲပြောဖို့ တစ်ခါတစ်ရံ မေံနေတတ်သည်။
ထိုလူမျိုးမှာ ကိုယ့်ကိုယ်တိုင် ပင်ဖြစ်ပါသည်။
Tuesday, April 8, 2008
လူတစ်မျိုုးရှိသည်
Subscribe to:
Post Comments (Atom)
1 Comment:
အင်း.. အဓိပ္ပါယ်ဖွင့်ချက်လေးတွေ ကောင်းတယ်ဗျာ.. တစ်ခုရှိတာက သူငယ်ချင်းတိုင်းလည်း မကောင်းဘူးထင်တာပဲ.. သာမန်သူငယ်ချင်းတွေရှိသလို ကိုယ့်အပေါ်ကို တကယ်အနစ်နာခံတဲ့ သူငယ်ချင်းတွေလည်း ရှိနိုင်တာပဲ.. ဘာပဲဖြစ်ဖြစ် ဒီအဓိပ္ပါယ်ဖွင့်ချက်လေးတွေကို ကြိုက်တယ်။ :)
Post a Comment