မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Wednesday, April 30, 2008

လွတ်လပ်သော စိတ် ( ၄ )

လွတ်လပ်တဲ့သူဟာ တန်အောင်လုပ်ပြီး ယူတယ်

တန်အောင်အလုပ်မလုပ်ပဲ တစ်စုံတရာကို ရဖို့ ဆုတောင်းတာဟာ

တစ်ကိုယ်ကောင်း ဆန်လွန်းတဲ့ ဆန္ဒပဲ။ ကိုယ်က တန်အောင်မလုပ်ပဲနဲ့

များများလိုချင်ပြီး ဆုတောင်းတာဟာ လောဘ အင်မတန်ကြီးတဲ့စိတ်ပဲ။

တန်အောင်မလုပ်ပဲ လိုချင်တာဟာ မလွတ်လပ်လပ်တဲ့စိတ်ထား ဖြစ်တယ်။

တစ်ယောက်ယောက်ဆီက တစ်ခုခုကို တောင်းရရင် ကောင်းမှာပဲလို့

တွေးကြည့်လိုက်ပါ။ တောင်းနေတဲ့ အမူအရာကိုလည်း စိတ်ထဲမှာ မှန်ကြည့်ပါ။

ဂုဏ်သိက္ခာရှိတဲ့စိတ်လား။ ဂုဏ်သိက္ခာရှိတဲ့ အမူအရာလား။ ကိုယ့်ကိုယ်ကို

အဲဒီနေရာမှာ ထားရင် ကိုယ့်ဘဝ ဘယ်လိုဖြစ်လာမလဲ။ တစ်ကယ် ဂုဏ်သိက္ခာရှိတဲ့

ဘဝကိုရနိုင်မှာ မဟုတ်တော့ဘူး။ ကိုယ့်ကိုယ်ကိုကိုယ် ဘယ်လိုလူ ဖြစ်ချင်သလဲ။

ဂုဏ်သိက္ခာရှိရှိနေတဲ့သူ ဖြစ်ချင်တယ်ဆိုရင် မတောင်းပါနဲ့။


"ယာစံ အပ္ပိယော ဟောတိ။" တောင်းသောသူသည်၊

မချစ်မနှစ်သက်ခြင်းကို ခံရသူဖြစ်၏။


ငါလိုချင်တာရဖို့ တန်ရာ တန်ကြေးကိုပေးမယ် ဆိုတဲ့စိတ်ကို ပီပီပြင်ပြင်

ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ။ အဲဒီလို ဆုံးဖြတ်လိုက်တာနဲ့ စိတ်မှာ

သတ္တိတစ်မျိုး ဖြစ်လာမယ်။ စွမ်းအားတစ်မျိုး ဖြစ်လာမယ်။


အလကား လိုချင်တဲ့စိတ်ဟာ ကိုယ်ကိုယ်ကို

မယုံကြည်တဲ့စိတ်ဖြစ်တယ်။ တည့်တည့်ပြောရရင် သူတောင်းစားစိတ် ဖြစ်တယ်။

အလားကားလိုချင်တဲ့သူဟာ ကိုယ့်ကိုယ်ကိုကိုယ် အဆင့်အတန်း

အနိမ့်ဆုံးနေရာကို ချထားလိုက်ပြီး။ (စာမေးပွဲ ခိုးဖြေတာလည်းအတူတူပဲ....။

အင်မတန် အဆင့် အတန်း နိမ့်သူတွေ စာမေးပွဲ ခိုးဖြေကြတယ်။ ကိုယ့်ကိုကိုယ်ကို

မယုံကြည်တဲ့သူတွေ စာမေးပွဲ ခိုးဖြေကြတယ်။ အဲ့ဒီလို အလကား လိုချင်တဲ့စိတ်နဲ့

တစ်သက်လုံး နေသွားတဲ့သူဟာ ကိုယ်ဘဝကို တကယ် ကျေနပ်မှု ရမလား။

တနည်းအားဖြင့် အလကားလိုချင်တဲ့စိတ်ကြောင့် ကျွန်ဖြစ်သွားတယ်။)

ကိုယ့်ကိုယ်ကိုကိုယ် တကယ်လေးစားတဲ့သူ တန်ဖိုးထားတဲ့သူ

ယုံကြည်တဲ့သူဟာ အလကား မလိုချင်ဘူး။ တန်ရာတန်ကြေး ပေပြီးမှ လိုချင်တယ်။


အလကားယူရရင် အကြွေးတင်သလို ဖြစ်နေတယ်။ အကြွေး

တင်နေတဲ့ သူဟာ ကြွေးရှင်ကို မြင်ရရင် အောက်ကြို့ရတယ်။ အဲ့ဒါ မတန်ဘူး။

လူတွေကို အောက်ကြို့တတ်တဲ့စိတ်ကို မမွေးပါနဲ့။ "လူအောက်ကြို့လို့ လူပိ

မသေဘူး" လို့ ပြောကြတယ်။ လူပိတော့ မသေပါဘူး။ ဂုဏ်ကိုတော့ ခွစီးထားတာ

ခံရလိမ့်မယ်။

လေးစားပါ အောက်မကြို့ပါနဲ့။ ဘားမှမလိုချင်ပဲနဲ့ လေးစားမှ တကယ်

လေးစားတာ။ လိုချင်လို့ လေးစားတာက လေးစားဟန်ဆောင်တာ။

ကိုယ့်ကိုယ်ကိုကိုယ် တကယ်လေးစားတဲ့သူဟာ လိုချင်စိတ်နဲ့

မဆက်ဆံဘူး။ တန်ရာတန်ကြေးပေးပြီး ဆက်ဆံတယ်။ သူ ရသင့်တာ သူ့ကို ပေးပြီး

ကိုယ် ရသင့်တာကို ယူတယ်။ ကိုယ်က သူ့ကို လေးစားတယ်။ သူက

ကိုယ့်ကိုလေးစားတယ်။ အဲ့ဒါဟာ တရားတယ်။ မျှတတယ်။ လွတ်လပ်တယ်။

အဲ့ဒီလိုလူတွေဟာ လူ့အသိုင်းအဝိုင်း အကျိုးပြုတယ်။

ခိုင်းပြီး တန်အောင် မပေးတဲ့သူနဲ့ တန်အောင် မလုပ်ပဲ များများ

လိုချင်တဲ့သူတွေဟာ လူ့အသိုင်းအဝိုင်းကို ဖျက်ဆီးတဲ့သူတွေပဲ။


တန်ရာတန်ကြေးကို ပေးမယ်ဆိုတဲ့စိတ် ရှိသူတွေဟာ

လေးစားစရာကောင်းတဲ့သူ ဖြစ်တယ်။ တန်ရာတန်ကြေးကို ပေးကြစို့။

နည်းနည်းပေးပြီး များများလိုချင်တဲ့ စိတ်ဟာ တရားမျှတမှုကို

တန်ဖိုးမထားတဲ့စိတ်ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုကိုယ် မယုံကြည်တဲ့သူဟာ

အောင်မြင်ကြီးပွါးတဲ့သူ မဖြစ်နိုင်ဘူး။ တရားမျှတမှုကို တန်ဖိုးမထားတဲ့သူဟာ

လွတ်လပ်တဲ့သူ မဖြစ်နိုင်ဘူး။ အဲ့ဒီတော့ တန်အောင်မလုပ်မလုပ်ပဲနဲ့ များများ

လိုချင်တဲ့သူဟာ အောင်မြင်တဲ့သူ လွတ်လပ်တဲ့သူ မဖြစ်နိုင်ဘူး။

တန်အောင်လုပ်ပြီးမှ ဆုတောင်းပါ။ အမှန်တော့ တကယ်

တန်အောင်လုပ်တဲ့သူဟာ ဆုတောင်းနေစရာ မလိုတော့ပါဘူး။

သဘာဝတရားဟာဆုတောင်နေတာကို မစောင့်နေပါဘူး။ သူ့သဘာဝ

ကြောင်းအကျိုးအတိုင်း လုပ်သင့်တာကို လုပ်ရင် ရသင့်တာကို ရပါတယ်။

ဆုတောင်းတာ သိပ်များနေတဲ့သူဟာ ဆုတောင်းပြည့်တဲ့သူ မဖြစ်နိုင်ဘူး။

ဘယ်သူက ပေးမှားလဲ။ ပေးမယ့်သူ မရှိပါဘူး။ ဆုတောင်းတယ် ဆိုတာကိုယ့်စိတ်ကို

ကိုယ် လမ်းတည့်ပေးလိုက်တာပဲ။ ကိုယ်ဘာကို လိုချင်တယ်ဆိုတာ ကိုယ့်စိတ်ကို

တိတိကျကျ ပြောလိုက်တာပဲ။ ငါဟာ နည်းနည်း လုပ်ပြီး များများ လိုချင်တဲ့သူလား။

ဒီမေးခွန်းကို လေးလေးနက်နက် မေးပါ။ ထီထိုးတာဟာ နည်းနည်းပေးပြီး

များများလိုချင်တဲ့ စိတ်ပဲ။ လူတိုင်း အလုပ်မလုပ်ပဲနဲ့ ထီထိုနေရင် ကြာရင်

ဘာဖြစ်မလဲ။ လူတိုင်း မွဲသွားမှာပဲ။ ထီထိုးဟာ productive ဖြစ်တဲ့ အလုပ်

မဟုတ်ဘူး။ ကောင်းတဲ့ပစ္စည်းတစ်ခု ဖြစ်အောင် လုပ်လိုက်တာဟာ

ကိုယ်အတွက်လည်း အကျိုး ရှိတယ်။ အများအတွက်လည်း အကျိုးရှိတယ်။

ဒါကြောင့် လူ့အသိုင်းအဝိုင်ကို အကျိုးပြုတယ်။ စာသင်ပေးတာ

ဆေးကုပေးတာလည်း လူ့အသိုင်းအဝိုင်းကို အကျိုးပြုတယ်။ ပစ္စည်းတွေကို

ဝယ်ချင်တဲ့သူတွေ အဆင်ပြေအောင် (အလေးမခိုးပဲ၊ တောင်းမခိုးပဲ)

ကောင်းကောင်းမွန်မွန် ရောင်းတာ အကျိုးပြုတဲ့ အလုပ်ဖြစ်တယ်။ ခရီးသည်တွေကို

လိုရာခရီးကို အဆင်ပြေပြေ စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာ

ရောက်အောင်ပို့ပေးတာ အကျိုးပြုတဲ့ အလုပ်ဖြစ်တယ်။ ထီထိုးတာ ဘယ်လို

အကျိုးပြုလဲ။ နည်းနည်းပေးပြီး များများလိုချင်တာ အကျိုးပြုတဲ့ စိတ်ထား

မဟုတ်ဘူး။ လူငယ်တွေ ဒါကို လေးလေး နက်နက် စဉ်းစားစေချင်တယ်။

တန်အောင်လုပ်ပြီး ရအောင်ယူမယ် လို့တကယ်ဆုံးဖြတ်ထားရင်

လုပ်လည်း လုပ်ဖြစ်မယ်။ ရလည်းရမယ်။ ဒီနည်းနဲ့မှ မရရင် တခြား ဘယ်လို နည်းနဲ့

ရအောင်လုပ်မလဲ။ ဒီထက်ကောင်းတဲ့နည်း ရှိသေးသလား။ ကိုယ့်ကိုယ်ကိုကိုယ်

လေးစားတဲ့သူအဖို့တော့ ဒီထက်ကောင်းတဲ့နည်း မရှိတော့ပါဘူး။

“တန်ရာတန်ကြေး မပေးပဲ ဘယ်သောအခါမှာမှ ရအောင် မလုပ်ပါးဘူး။

ဂုဏ်သိက္ခာရှိရှိ ရတာက လွဲလို့ တခြားနည်းနဲ့ရတာကို ဘယ်တော့မှ မလိုချင်ပါဘူး။

ကိုယ်ဂုဏ်သိက္ခာကို ဘယ်တော့မှ ရောင်းမစားပါဘူး” လို့ဆုံးဖြတ်လိုက်ပါ။ အဲ့ဒီလို

ဆုံးဖြတ်လိုက်ရင် အဲ့ဒီ စိတ်ဓါတ်က ကိုယ် လိုချင်တာရအောင်

ကောင်းတဲ့လုပ်နည်းကို ပေးပါလိမ့်မယ်။

ကိုယ် လိုချင်တာ ရအောင် ကိုယ့်ကို လုပ်ပေးနို်င်တာ ကိုယ့် စိတ်ဓါတ်နဲ့

ကိုယ့် အရည်အချင်းပါပဲ။ ဒီစိတ်ဓါတ်ဟာ လွတ်လပ်တဲ့သူရဲ့ စိတ်ဓါတ်ပဲ။

ဒီလို လွတ်လပ်တဲ့စိတ်ဓါတ်မှ မရှိရင် တခြားလွတ်လပ်မှုတွေနဲ့

မထိုက်တန်ဘူး။ လွတ်လပ်စွာ မတရား လုပ်ကိုင်ခွင့်ဆိုတာ မရှိသင့်တဲ့

လွတ်လပ်မှုပါ။ လွတ်လပ်စွာ ခိုးခွင့် ဆိုတာ ရှိသင့်သလား။ လွတ်လပ်စွာ ရိုးသားစွာ

လုပ်ကိုင်ခွင့်ဆိုတာ လူတိုင်းရသင့်တဲ့ လွတ်လပ်ခွင့်ပါ။ လွတ်လပ်စွာ ရိုးသားစွာ

လုပ်ကိုင်ခွင့်မှ မရှိရရင် အဲဒီ လူ့အသိုင်းအဝိုင်းဟာ ကောင်းတဲ့အသိုင်းအဝိုင်းလို့

ဆိုနိုင်မလား။

အချို့လူတွေကတော့ မရိုးသားတာ လုပ်ခွင့်ရှိတယ် ဆိုရင်ကော....

အဲဒီ အသိုင်းအဝိုင်းဟာ ကောင်းတဲ့အသိုင်းအဝိုင်းလား။ တချို့လူတွေ မရိုးသားတာ

လုပ်ခွင့်ရှိနေရင် ကျန်တဲ့သူတွေကို ပါ မရိုးသားတာကို လုပ်ချင်အောင် နည်းပေး

သလို ဖြစ်နေမယ်။ မရိုးသားတဲ့သူတွေ များလာရင် တကယ် စိတ်ချမ်းသာမှု

ရမလား။

မရိုးသားတဲ့နည်းနဲ့ ရအောင်လုပ်ချင်တဲ့သူဟာ ဘယ်လို

လွတ်လပ်မှုမျိုးနဲ့ ထိုက်တန်သလဲ။ လွတ်လပ်စွာ မရိုးသားတာ လုပ်ခွင့်

ပေးရမလား။ လွတ်လပ်စွာ ရိုးသားစွာ လုပ်ခွင့်ပေးပါ။ အဲဒီလိုဆိုရင် မရိုးသားတာ

လုပ်တဲ့သူတွေ နည်းသွားလိမ့်မယ်။ လွတ်လပ်စွာ ရိုးသားစွာ လုပ်ခွင့်မရရင်

လူများစုဟာ မရိုးသားတာကို လုပ်မိလိမ့်မယ်။ မရိုးသားတာကို ဘယ်တော့မှ

မလုပ်ဘူး ဆိုတဲ့သူဟာ လူနည်းစုလေးပါ။



ဆရာတော် ဦးဇောတိက

0 Comments: