လူတွေ မလုပ်သင့်တာကို နည်းနည်းလုပ်အောင် အားပေတဲ့သူတွေ ရှိတယ်။
လူတွေမှာ အပြစ်ရှိနေရင် အဲ့ဒီလူတွေဟာ နည်းနည်းကြောက်နေမယ်။ ကြောက်နေတဲ့သူကို မင်း
မဟုတ်တာ လုပ်ထားတယ်။ ဒါကြောင့် မင်း ငြိမ်ငြိမ်လေးနေ။ လို့ ပြောလို့ရတယ်။
လူတွေကို နိုင်ချင်ရင် အပြစ်ရှိတဲ့သူတွေ ဖြစ်နေအောင် လုပ်ထားပြီးတော့ black mail
လုပ်တဲ့ နည်းနဲ့ နိုင်လို့ရတယ်။ လူများစုဟာ အပြစ်တစ်ခုခုကို လုပ်ထားတဲ့သူတွေ ဖြစ်နေရင်
အဲဒီအသိုင်းအဝိုင်းဟာ ကြောက်နေတဲ့ အသိုင်းအဝိုင်း ဖြစ်နေမယ်။ ကြောက်နေတဲ့သူဟာ
ခေါင်းငုံ့ နေတဲ့သူ ဖြစ်နေမယ်။အပြစ်ရှိတဲ့သူဟာ လွတ်လပ်မှု မရှိတော့ဘူး။
ဘာမှ အပြစ်မရှိတဲ့သူကို လူတွေက သိပ်သဘောမကျဘူး။ အထူးသဖြင့် ကိုယ့်ကို
အနိုင်ယူချင်တဲ့သူတွေက သဘောမကျဘူး။
ကိုယ့်ဘဝကို ကိုယ် ရိုးရိုးရှင်းရှင်း ရိုးရိုးသားသားနေရင် လူတွေက ကိုယ်ကို
နည်နည်းကြောက်တယ်။ ကြောက်တာကို ကောင်းတယ်လို့ မဆိုလိုပါဘူး။ လွတ်လပ်နေတဲ့သူ၊
ဘာကိုမှ မတွယ်တာတဲ့သူ၊ ဘာဂုဏ်ကိုမှ လိုချင်တဲ့ သူကို လူတွေက ပေါင်းရခက်တဲ့သူလို့
ယူဆတယ်။ ကိုယ့်အလုပ်ကို ကိုယ်ရိုးရိုးသားသားလုပ်ပါ။ ရိုးရိုးသားသားနေပါ။ ဘယ်သူ့ကိုမှ
အောက်မကြို့ပါနဲ့။ ဘယ်သူ့ကိုမှ အနိုင်မယူပါနဲ့။ အဲ့ဒီလို နေတဲ့သူတွေ များလာရင်
ပိုပြီးအေးချမ်တဲ့ လူ့အသိုင်းအဝိုင်း ဖြစ်လာမယ်။ ကိုယ့်အိမ်မှာ ကိုယ် လွတ်လပ်ပါတယ်။
ကိုယ့်မိသားစုဆက်ဆံရေးကို ကိုယ်ကြိုက်သလို ဖန်တီးလို့ ရပါတယ်။ ကိုယ်က လွတ်လပ်မှုကို
ဘယ်လောက် နားလည်တယ်၊ ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ ကိုယ့်မိသားစုရဲ့
ဆက်ဆံရေးမှာ အားလုံးရဲ့ ပြောခွင့်ဆိုခွင့်ကို ဘယ်လောက် လေးလေးစားစား
အသိအမှတ်ပြုသလဲ့ဆိုတာနဲ့ တိုင်းတာလို့ရတယ်။ မိသားစုထဲမှာ လွတ်လွတ်လပ်လပ်
ပြောဆိုခွင့်မရှိရင် အဲဒီမိသားစုမှာ မွေးလာတဲ့ ကလေးဟာ သူအသိဉာဏ် သူအတွေးအခေါ်
တိုးတက်ဖို့ အလားအလာ သိပ်မရှိတော့ဘူး။ မိသားစုထဲမှာ ပြောသလိုလုပ် ဆိုတဲ့ မူရှိရင်၊
ကိုယ့်စိတ်ကူးနဲ့ ကိုယ် တီထွင်ကြံဆပြီး လုပ်တဲ့အလေံအကျင့်ကို ဘယ်လိုမှ မရနိုင်တော့ဘူး။
မိဘတွေဟာ သားသမီးတွေကို ပြောရဲဆိုရဲသူတွေ ဉာဏ်ရှိတဲ့သူတွေ
ဖြစ်စေချင်တယ်။ ဒါပေမယ့် အိမ်မှာ လွတ်လွတ်လပ်လပ် ကိုယ့်အယူအဆကို ပြောခွင့်မရရင်
ဘယ်လိုလုပ်ပြီး ပြောရဲ ဆိုရဲတဲ့သူ ဖြစ်လာတော့မလဲ။
လွတ်လပ်မှုဟာ အိမ်ကနေ စရမယ်။ အိမ်မှာ မိသားစု ဆက်ဆံရေးမှာ လွတ်လပ်မှုရှိမှ
အပြင်လောကမှာ လွတ်လပ်မှုရှိအောင် ဆက်ဆံတတ်မယ်။ မိဘတွေ လွတ်လပ်မှုကို
ဘယ်လောက်တန်ဖိုးထားသလဲဆိုတာ သားသမီးတွေကို ဘယ်လောက် လွတ်လွတ်လပ်လပ်
ဆွေးနွေးခွင့် ပြောခွင့် လုပ်ခွင့်ပေးသလဲ ဆိုတာနဲ့ တိုင်းတာလို့ရတယ်။
ကိုယ်အိမ်ဟာ လွတ်လပ်မှု အပြည့်ရတဲ့နေရာ ဖြစ်ရမယ်။ အပြင်လောကမှာ မရနိုင်တဲ့
လွတ်လပ်မှုတွေကို အိမ်မှာရမှ အဲဒီအိမ်ဟာ လွတ်လပ်တဲ့ အိမ်လို့ ဆိုနိုင်မယ်။ home, sweet
home သိရိဂေဟာလို့ ပြောကြတယ်။ home free home လွတ်လပ်သော ဂေဟာလို ခေါ်နိုင်ရင်
ပိုကောင်းမယ် ထင်တယ်။ လွတ်လပ်သောအိမ် ဖြစ်မှ ပျော်စရာကောင်းသောအိမ် ဖြစ်မယ်။
လွတ်လပ်တဲ့ နိုင်ငံဖြစ်ဖို့ ပထမဆုံး လွတ်လပ်တဲ့ အိမ်ဖြစ်အောင် လုပ်ရမယ်။ အိမ်မှာ
freedom of speech လွတ်လပ်စွာ ပြောဆိုခွင့် ရှိရမယ်။ သဘောထား အယူအဆတွေ မတူတာ
ကို မကြောက်မရွံ ပြောဆိုလို့ရတဲ့နေရာဟာ ကိုယ့်အိမ်ပဲ ဖြစ်ရမယ်။
သားသမီးတွေ အရွယ်ရောက်လာရင် သားသမီးနဲ့မိဘ အယူအဆမတူတာ၊ အကြိုက်
မတူတာ၊ သဘောထား မတိုက်ဆိုင်တာ ဖြစ်လာတယ်။ မိဘနဲ့ သားသမီး ဆက်ဆံရေး
အဆင်မပြေမှုတွေ ဖြစ်လာတယ်။ အဲဒီအခါမှာ ပြေလည်အောင် ဆွေးနွေးဖို့လိုတယ်။
မဆွေးနွေးနိုင်ရင် ရေရှည်မှာ ဆက်ဆံရေး ပိုပြီး မကောင်းတော့ဘူး။ သားသမီးဟာ မိဘကို
အသိမပေးပဲ လျှို့ဝှက်တာတွေများလာမယ်။ ဘဝကို share မလုပ်တော့ဘူး။ သားသမီးဘဝနဲ့
မိဘဘဝ မထပ်မိတာတွေများလာမယ်။ parallel life မျဉ်းပြိုင်ဘဝ ဖြစ်နေမယ်။
တချို့ဇနီးမောင်နှံတွေ ဘဝဟာ parallel life မျဉ်းပြိုင်ဘဝ ဖြစ်နေတယ်။ အဲဒီလိုအိမ်ဟာ
လွတ်လပ်မှု မရှိတော့ဘူး။ ဒါကြောင့် ကိုယ့်အိမ်မှာ ပွင့်လင်းမှု လွတ်လပ်မှု ရှိအောင် လုပ်နိုင်ဖို့
သိပ်အရေးကြီးတယ်။
သားသမီးတွေ လွတ်လပ်တဲ့စိတ်ဓါတ်ရှိဖို့ အိမ်ကနေ စပြီး လေ့ကျင့်ပေးရမယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Plato: "A house that has a library in it has a soul."
စာကြည့်တိုက်ရှိတဲ့ အိမ်မှာ အသက်ဝိဉာဏ်ရှိတယ်။
(ဒီနေရာမှာ အသက်ဝိဉာဏ်ဆိုတာ အတ္တကို မဆိုလိုဘူး။ အသိဉာဏ်ကို တင်စားပြီး ပြောတာ
အသိဉာဏ်ရှိမှ အသက်ဝင်တယ်။)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စာဖတ်တဲ့သူများတဲ့ နိုင်ငံဟာ ပိုပြီးတိုးတက်တယ်လို့ သုတေသနပြုထားတဲ့
စာတမ်းတွေ ဖတ်ရတယ်။ ပြောရဲဆိုရဲတဲ့သူတွေ၊ ဆွေးနွေးရဲတဲ့သူတွေ များဖို့လိုတယ်။
ပြောရဲဆိုရဲဖို့ဆိုတာ ပညာ ဗဟုသုတ များမှ ဖြစ်နိုင်တယ်။ ပညာမတတ်တဲ့သူဟာ မပြောရဲဘူး။
မဆိုရဲဘူး။ ဘားမှ မဝေဖန်တတ် မပြောတတ်တဲ့သူတွေဟာ သိုးတွေလိုပဲ။ သိုးတွေလိုလူတွေ
များနေရင် အဲဒီ အသိုင်းအဝိုင်းဟာ မတိုးတက်နိုင်ဘူး။
လူတွေ စာများများဖတ်ဖို့ လိုပါတယ်။ အထူးသဖြင့် လွတ်လပ်မှု ကြောင်း
တရားမျှတမှုအကြောင်းတွေကို များများဖတ်ဖို့ လိုတယ်။ များများ ဆွေးနွေးကြဖို့လိုတယ်။
အရာရာတိုင်းဟာ စိတ်ကနေ စ,ပါတယ်။ စိတ်ထဲမှာ အသက်ဝင်နေတဲ့အရာဟာ
မကြာခင်မှာ အကောင်အထည် ပေါ်လာမယ်။ စိတ်ထဲမှာ အသက်မဝင်သေးရင် ကောင်အထည်
ပေါ်နိုင်ဘူး။ ဒါကြောင့် ကိုယ်လိုချင်တဲ့ အရာဟာ ကိုယ့်စိတ်ထဲမှာ အသက်ဝင်နေရမယ်။
အသက်ဝင်တဲ့ စိတ်ကူကို စိတ်ကူးနိုင်တဲသူတွေသာ မဖြစ်နိုင်ဘူးလို့ ထင်ကြတာကို ဖြစ်အောင်
လုပ်နိုင်ကြတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ လွှမ်းမိုးမှုကနေ လွတ်မြောက်လာတဲ့သူမှာသာ
ပင်ကိုလို့ခေါ်နိုင်တဲ့ နေပုံထိုင်ပုံတွေဟာ ဖြစ်လာတယ်။
Social group ဆက်ဆံရေး အသိုင်းအဝိုင်းရဲ့ လွှမ်းမိုးမူကနေ မလွန်မြောက်
သေးတဲ့သူဟာ ပီပြင်တဲ့ ပင်ကိုသဘာဝ ရှိတဲ့သူ မဖြစ်သေးဘူး။ ပီပြင်တဲ့ ပင်ကိုသဘာဝ ရှိတဲ့သူ
ဖြစ်လာဖို့ လွတ်လွတ်လပ်လပ် တွေးခေါ် စဉ်းစားနိုင်တဲ့ ဉာဏ်နဲ့ ပြတ်ပြတ်သားသားဆုံးဖြတ်ပြီး
လုပ်နိုင်တဲ့ သတ္တိ လိုတယ်။ လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်တဲ ဉာဏ် မရှသေးတဲ့သူဟာ
အသိဉာဏ်ပိုင်းမှာ (clone) ပုံတူကူးထားတဲ့သူ အဆင့်မှာပဲ ရှိသေးတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လောကကြီးဟာ unfree world မလွတ်လပ်တဲ့ လောကကြီး။ လူတိုင်းကို နည်းမျိုးစုံနဲ့
ကျွန်ဖြစ်အောင် လုပ်ထားတဲ့ လောကကြီး။ အဲ့ဒါက ဘာမှ သံသယ ဖြစ်စရာ မရှိလောက်အောင်
သေချာတယ်။ လွတ်လပ်မှုကို တန်ဖိုးထားတဲ့သူဟာ အဲဒီလောကကြီးကို ဘယ်လိုလုပ် deal
လုပ်မလဲ။ တစ်နည်းပဲရှိတယ်။ (to become absolutely free) ကိုယ့်ဘဝကို အလွတ်လပ်ဆုံး
ဖြစ်အောင် နေရမယ်။ ကိုယ့်ကို လွှမ်းမိုးနေတာတွေက နေ လွတ်အောင် လုပ်ရမယ်။ အဲဒီလို
အလွတ်လပ်ဆုံးဖြစ်အောင် နေလိုက်တာဟာ တော်လှန်ရေးပဲ။
ဂုဏ်ကို မက်နေရင် လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် တကယ်
လွတ်လပ်ချင်တဲ့သူဟာ ဘာဂုဏ်ကိုမှ မမက်တဲ့သူ ဖြစ်ရမယ်။ ဂုဏ်မက်ရင် ကျွန်ခံရမယ်။
အတ္တစွဲ မရှိတဲ့သူကို ဘယ်သူက ဘယ်လိုနည်းနဲ့ လွှမ်းမိုးမလဲ။
မာနရဲ့ လှည့်စားမှုကို မခံရတော့တဲ့သူကို ဘယ်သူက ပြိုင်ပွဲဝင်ခိုင်းလို့ရမလဲ။
မနာလို ဝန်တိုစိတ် မရှိတဲ့သူကို ဘယ်သူက လာကြွားလို့ ရမလဲ။
ပြိုင်ပွဲ မရှိဘူး၊ အလောင်းအစားမရှိဘူး၊ အနိုင်အရှုံး မရှိဘူး၊ ချီးမွမ်းမှု ကဲ့ရဲ့မှုကနေ
လွတ်နေတဲ့သူ၊ သူ့ကို ဘယ်လိုလွှမ်းမိုးမလဲ။
သူ့ရဲ့လွတ်လပ်မှုဟာ လောကကြီးကို မှန်ထောင်ပြနေသလိုပဲ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုယ့်ရဲ့ လွတ်လပ်မှု အပင်ပေါက်ကလေးကို အပင်ကြီးဖြစ်လာအောင် နေ့တိုင်း
ပြုစုရမယ်။
လွတ်လပ်တဲ့စိတ်နဲ့ နေ့တိုင်း တစ်ခုခု လုပ်ပါ။
ငါလုပ်တဲ့ အလုပ်ဟာ လွတ်လပ်တဲ့ စိတ်နဲ့ လုပ်တာလား။ မလွတ်လပ်တဲ့စိတ်နဲ့
လုပ်တာလား ဆိုတာကို မကြာမကြာ သတိထားကြည့်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆရာတော်ဦးဇောတိက
Thursday, April 24, 2008
လွတ်လပ်သောစိတ် (၃)
စာရေးသူ~~~ မင်းမြတ်ဘုန်း စာရေးချိန် 2:22 PM
Labels: ဖြန့်ဝေခြင်း
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment