မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Tuesday, February 12, 2008

ပြည်ထောင်စုနေ့


ပြည်ထောင်စုနေ့အမှတ်တရအဖြစ် ညီညွတ်ရေးနှင့်ပတ်သတ်သော ဗိုလ်ချုပ်မိန့်ခွန်းအချို့ကို ဒေါက်တာလွဏ်းဆွေဘလော့ခ်မှ ကူးယူဖော်ပြပေးလိုက်ပါသည်။

အမျိုးသားညီညွတ်ရေး

၁၉၄၆ခုနှစ် ဇန်နဝါရီလ (၁၉)ရက်နေ့၌ ရွှေတိဂုံဘုရားအလယ်ပစ္စယံတွင် စတင်ကျင်းပသော (ဖဆပလ) ပြည်လုံးကျွတ် ညီလာခံသဘင်ကြီးသို့ မြန်မာတပြည်လုံးမှ လူထုကိုယ်စားလှယ်များနှင့် ပရိသတ်ပေါင်း နှစ်သိန်းကျော် တက်ရောက်ကြ၏။ ယင်းလူထုညီလာခံကြီးတွင် (၂၃၊ ၁၊၄၆)ရက်နေ့၌ ဗိုလ်ချုပ်အောင်ဆန်းက ညီညွတ်ရေးအဆိုကို အကျယ်တဝင့် ရှင်းလင်းတင် သွင်းခဲ့လေသည်။ ထိုအဆို တင်သွင်းရာတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောသွားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

“နိုင်ငံရေးဆိုတာ ထင်လာအောင်၊ မြင်လာအောင် ဘယ်လိုလုပ်ရမလဲ၊ လယ်သမားဟာ သူနေ့တိုင်း တွေ့နေရတဲ့ ကိစ္စတွေကို ဆောင်ရွက်ပေးတဲ့အဖွဲ့ ရှိရမယ်။ ဒီအဖွဲ့ရှိတဲ့အခါကျတော့ ဒီအဖွဲ့ကြီးမှ လယ်သမားတွေက အမြဲအာရုံစိုက်ပြီး နေလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် သူတို့အကျိုးကို ဆောင်ရွက်နေတဲ့ အဖွဲ့ကြီးဖြစ်တယ်။ သူတို့ရဲ့ ပြဿနာတွေကို အမြဲတမ်းလုပ်နေတဲ့ အဖွဲ့ကြီးဖြစ်တယ်။ သူတို့ရဲ့ စိတ်ဝင်စားမှုဟာ လျော့ပါးမသွားဘူး။ အဲဒီလိုမဟုတ်ဘဲနဲ့ မြေမထိ မိုးမထိ အဖွဲ့အစည်းတွေ ဖွဲ့ထားလို့ရှိရင် တိုင်းသူပြည်သားတွေက ခဏစိတ်ဓာတ်တက်တုန်း လိုက်ပါပြီးတော့ နောက်ဆုံး စိတ်မပါတဲ့အခါကျတော့မှ အမြဲလူတွေနဲ့ စိတ်ဆိုတာ အမြဲတမ်းပါနေမှာ မဟုတ်ဘူး။ အခုတခါ အစည်းအဝေးကြီးတွေ လုပ်တယ်။ သိပ်ပြီးတော့ စိတ်ဓာတ်တက်သွားတယ်။ တော်တော်ကြာ အိမ်ပြန်ရောက်သွားတော့ လူမှုဒုက္ခတွေ တွေ့သွားတဲ့ အခါကျတော့ လူတွေဟာ စိတ်ဓာတ်ပျက်လာရော၊ ဟိုသတင်းကြား ဒီသတင်းကြားဆိုရင် စိတ်ပျက်လာမယ်။ ကိုယ့်ဝမ်းစာ အတွက် လုပ်ကိုင်စား သောက်ရတဲ့အတွက် နေ့စာနေ့၊ ညစာညကြောင့် မေ့ပျောက်ကုန်မယ်။ အဲဒီလိုစိတ်ဓာတ်မျိုး မရောက်အောင် ဆိုင်ရာဆိုင်ရာ လူတွေရဲ့ အကျိုးအမြတ်ကိုကြည့်ပြီး လုပ်နေတဲ့ အဖွဲ့တွေအားဖြင့် ကျနော်တို့က ထိန်းထားရမယ်။

နိုင်ငံရေးဆိုတာ ခဏတဖြူတ် လုပ်တဲ့ဟာမျိုး မဟုတ်ဘူး။ အမြဲတမ်း လုပ်ရမယ်။ အမြဲတမ်းရှိနေ တယ်။

နိုင်ငံရေးဆိုတာ တခါတရံမှ အစည်းအဝေး လုပ်ပြီးတော့ စင်မြင့်ပေါ်က ပြောတဲ့လူကပြော၊ နားထောင်တဲ့လူက နားထောင်တဲ့ ကိစ္စမျိုး မဟုတ်ဘူး။ အမြဲတမ်းအားဖြင့် တတိုင်းပြည်လုံးမှာရှိတဲ့ တိုင်းသူပြည်သားတွေဟာ၊ မိမိတို့ရဲ့ ဆိုင်ရာဆိုင်ရာ အကျိုးတွေကို ဆိုင်သလို ဖွဲ့စည်းပြီးတော့ကာ မိမိတို့ပြဿနာတွေကို လုပ်ပြီးတော့ကာ ဖြေရှင်းရန်အတွက် အမြဲတမ်း လုပ်နေတဲ့ကိစ္စ၊ ဒီတော့ကာ အားလုံးလူတွေရဲ့ အကျိုးကိစ္စ၊ လူတွေရဲ့ နိုင်ငံရေး၊ ဒီတော့ အဲဒီလိုဖြစ်အောင် လုပ်နိုင်ဖို့ဆိုတော့ ဆိုင်ရာဆိုင်ရာ အဖွဲ့တွေက ကြည့်ပြီး ထိန်းထားမှသာ လူတွေလည်း အမြဲတမ်း နိုင်ငံရေးမှာ စိတ်ပါဝင်စားပြီးတော့ တတိုင်းတပြည်လုံးပေါ်မှာရှိတဲ့ လူတွေဟာ နိုင်ငံရေးသမား ဖြစ်လာအောင်၊ နိုင်ငံရေး စိတ်ဝင်စားလာအောင် ဒီလိုအဖွဲ့တွေ ရှိရမယ် …။”

နိဂုံးချုပ်တွင် လူငယ်ခေါင်းဆောင်များကို …

“ကျုပ်လည်း လူငယ်ဖြစ်တဲ့အတိုင်း အထူးမေတ္တာရပ်ခံ သွားချင်တယ်။ လူငယ်တွေဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘယ်လောက် လုပ်တယ်ဆိုတာလည်း လူအများအပြား သိကြတာပဲ။ လူကြီးတွေ ဆိုတာလည်း ဒီတိုင်းပြည်မှာ အတော်ပဲ မရှိကြတော့ဘူး။ လူငယ်တွေရဲ့ ခေတ်ရောက်လာပြီ။ ဒီလို မိမိတို့ခေတ် ရောက်လာတဲ့အခါ မိမိတို့ဟာ ရှေ့က နိုင်ငံရေးသမားတွေ မှားသလို မမှားကြတော့ဘဲ၊ နည်းသစ်၊ အလုပ်သစ်၊ စိတ်သစ်၊ နိုင်ငံရေးသစ်ကို လုပ်ဖို့ အထူးသတိပြုစေ လိုပါတယ်။ တဦးနဲ့ တဦးလည်း အယုံအကြည် အရမ်းမကင်းကြပါနဲ့။ တဦးနဲ့ တဦးလည်း ဝေဖန်လွန်းအားမကြီးပါနဲ့၊ ရှေ့ကိုလည်း သိပ်လောမကြီးပါနဲ့၊ သိပ်လောကြီးရင် စစ်ကျွံသလို ဖြစ်မယ်ဆိုတာကို သတိပြုပါ။”

0 Comments: