မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Thursday, June 19, 2008

အကောင်းဆုံးမေးခွန်း

တနေ့မှာ ကောလိပ်ကျောင်းသား ၄ ယောက်ဟာ ညဉ်နက်တဲ့အထိ ဆော့ကစားနေကြတယ်
မနက်ဖြန်စာမေးပွဲအတွက် ဘားမှကို မပြင်ဆင်ကြဘူး။ မနက်မိုးလင်းတော့ သူတို့ လေးယောက်ဟာ စာမေးပွဲ မဖြေချင်တာနဲ့ သူတို့ ၄ ယောက်သားတိုင်ပင်ကြတယ်။
သူတို့်တိုင်ပင်ထားတဲ့အတိုင်း သူတို့ကိုယ် သူတို့ ညစ်ပေ နွမ်းနယ် အောင်လုပ်ပြီး ကျောင်းအုပ်
ဆရာမကြီးဆီကို သွားကြတယ်။ ကျောင်းအုပ်ဆရာမကြီးကိုတွေ့တော့ သူတို့ ဟာ မနေ့ညက
မင်္ဂလာဆောင်တစ်ခုကိုသွားကြောင်း ပြီးတော့ သူတို့ရဲ့အပြန်လမ်းမှာ သူတို့မောင်းလာတဲ့ကား
ဟာ ဘီးပေါက်သွားတဲ့အတွက် အိမ်ရောက်တဲ့အထိ တွန်းပြီးပြန်လာခဲ့ရတယ် ဆိုတဲ့အကြောင်း
ပြောပြီးသူတို့ စာမေးပွဲဖြေမယ့်ရက်ကို ရွှေ့ချင်ကြောင်း ပြောကြတယ်။ ကျောင်းအုပ်ဆရာမကြီး
ကလည်း ကောင်းပြီး မင်းတို့ ၄ ယောက်အတွက် စာမေးပွဲဖြေ မည့် ရက်ကို နောက် ၃ ရက်သို့
ရွှေ့ပြောင်းပေမည့်အကြောင်းပြောလိုက်တယ်။ သူတို့ ၄ ယောက်စလုံးလည်း ဝမ်းသာအားရစွာနဲ့ အဲဒီနေ့မှာ အဆင်သင့် ပြင်ဆင်ထားမည်ဖြစ်ကြောင်း ကတိပေးခဲတယ်။
ဒီလိုနဲ့ ၃ ရက် မြောက်တဲ့နေ့ မှာသူတို့ဟာ တက်ကြွစွာနဲ့ ကျောင်းသို့ ရောက်လာကြတယ်။
သူတို့ကို တွေ့တော့ ဆရာမကြီးက ပြောတယ် သူတို့ ၄ ယောက်အတွက် သီးသန့် အခန်း ၄ ခန်း ခွဲထားပြီး တစ်ယောက် ၁ ခန်းစီမှာ ဖြေရမည်ဖြစ်ကြောင်းပြောတယ်။ သူတို့ ၄ ကလည်းသဘောတူကြောင်း ပြန်ပြောတယ်။ ပြီးတော့ ဆရာမကြီးကသူတို့ ၄ ယောက် အတွက် သီးသန့် မေးခွန်း ထုတ်ထားကြောင်း ပြောတယ်။ သူတို့ ၄ ယောက်ကလည်း ပြီးခဲ့တဲ့ ၃ ရက်အတွင်းမှာ သေချာပြင်ဆင်ခဲ့တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့် နှင့် သဘောတူကြောင်းပြန်ပြောခဲ့တယ်။ ဒီလိုနဲ့ သူတို့ ၄ ယောက်ဟာ မေးခွန်းလည်းကြည့်လိုက်ရော......
မေးခွန်းက နှစ်ခုပဲပါတယ် အမှတ်က ၁၀၀ ဖိုးဖြစ်တယ်

မေးခွန်း ၁။ ဖြေဆိုသူ့အမည်_________________________ ( ၂ မှတ် )

မေးခွန်း ၂။ မည်သည့် ဘက်ကကားဘီးပေါက်သလဲ။ _______ ( ၉၈ မှတ် )

(က) ကားရှေ့ ညာဘက် ဘီး
(ခ) ကားရှေ ဘယ်ဘက် ဘီး
(ဂ) ကားနောက် ညာဘက် ဘီး
(ဃ) ကားနောက် ဘယ်ဘက် ဘီး

ဆက္ဖတ္ပါ...

Wednesday, June 18, 2008

ကော်ဖီ ငံငံ အချစ်

လှပတဲ့မီးရောင်စုံတွေနဲ့အတူ သာယာလှပတဲ့ဂီတသံစဉ်တွေ ရဲ့အောက်မှာ မျောလွင့်ရင်း သူဟာခပ်အုပ်အုပ် မီးရောင်အောက် ထောင့်တစ်ထောင့်ရဲ့စာပွဲဝိုင်း တစ်နေရာမှာ တစ်ကိုယ်တည်း ပါတီညချမ်းကို ခံစားကြည့်ရှုနေမိတယ်။ အဖေါ်ကင်းမဲ့နေတဲ့သူကို တော့ ဘယ်သူမှ သတိမထားမိကြဘူး သူဟာသာမန်ကောင်းလေးတစ်ယောက်ပါပဲ။ အရောင်အသွေးစုံလှတဲ့ လူငယ် လူရွယ် တွေဟာ သူ့အုပ်စုနှင့်သူ မြူးတူးပျော်ရွှင်စွာ ကခုန်နေကြတယ်။ အဲဒီ အထဲမှာမှ သူများနဲမတူ ထူးခြားလှတဲ့ နတ်သမီးလေး(သူမ)ကို သူသတိထားမိတယ်။ သူ့ရဲ့မြင်ကွင်းထဲမှာ သူမရဲ့ အလှအပ အမူအရာတွေဟာ အားလုံးထက်ကို ပေါ်လွင် လွန်းလှတယ်။ သူငေးကြည့်နေမိတယ် သူမရဲ့ အနားမှာ ဝိုင်းဝိုင်းလည်နေတဲ့သူတွေကများပါဘိ။ တစ်ခါတစ်ခါသူမရဲ့ရယ်သံ ချိုချို လေးတွေဟာ သူ့ဘက်ကို ပျံလွင့်လာတယ်။ ဒီလိုနဲ့ ပါတီ အပြီးမှာ သူဟာ ကောင်မလေးအနားကို ထသွားပြီးတော့ ကောင်မလေးကို ယဉ်ကျေးစွာ ပြုံးပြနုတ်ဆက် လိုက်တယ်။ ပြီးတော့ နောက်တနေမှာ သူ့နှင့်အတူ ကော်ဖီသောက်ဖို့ ဖိတ်ခေါ်လိုက်တယ်။ ကောင်မလေးဟာ အရမ်းကိုအံ့သြသွားတယ်။ ဒါပေမယ့် သူ့ရဲ့ယဉ်ကျေးတဲ့ အပြုအမူကြောင့် ကောင်မလေးက ကျေနပ်စွာနဲ့ ကတိပေးလိုက်တယ်။

နောက်တစ်နေ့မှာ သူတို့နှစ်ယောက် လှပတဲ့ ကော်ဖီ ဆိုင်လေးတစ်ဆိုင်မှာ တွေ့ခဲ့ကြတယ်။ သူဟာ တစ်စုံတစ်ခုကို ပြောဖို့ အရမ်းကို စိတ်လှုပ်ရှားနေခဲ့တယ်။ သူတို့နှစ်ယောက် ရဲ့ ကော်ဖီဝိုင်းလေးဟာ တိတ်ဆိတ်ခြင်းနဲ့ မင်းမူနေတယ်။ အဲ့ဒီအတွက် ကောင်မလေးဟာ တော်တော်အနေရကျပ်လာပြီး ပြန်တော့မလို့ အလုပ်မှာ ကောင်လေးက ရုတ်တရက် စားပွဲထိုးလေးကို လှမ်းခေါ်ပြီး...

” ဆားနဲနဲလောက်ရ နိုင်မလားခင်ဗျား ကျွန်တော် ကော်ဖီ ထဲ ထည့်သောက်ချင်လို့” ။

သူ့အသံကို ကြားပြီး ဘေးနာကလူတွေက တအံတသြ နဲ့ ထူးဆန်းစွာ လှည့်ကြည့်ကြတယ်။ သူတော်တော် ရှက်သွားတယ် ဒါပေမယ့် သူဟာ ရှက်ရှက်နဲပဲ ကော်ဖီ ထဲကို ဆားတွေလောင်းထည့်ပြီး သောက်လိုက်တယ်။
သူမလည်းအံ့သြစွာနဲ သူ့ကိုမေးလိုက်တယ်....

”မင်း အဲ့ဒီလို့ ကော်ဖီ ငံငံ သောက်တတ်တဲ့အကျင့် ရှိလိုလား”

ကောင်လေးက ညင်သာစွာနဲပြန်ဖြေလိုက်တယ်....

” ကျွန်တော်ဟာငယ်ငယ်တုန်းက ပင်လယ်ကမ်းခြေက ရွာလေးတစ်ရွာမှာကြီးပြင်းခဲ့ရတယ်။ နေ့စဉ်ပင်လယ်ပြင်မှာ ဆောကစားခဲ့တဲ့ကျွန်တော်ဟာ ပင်လယ်ရေရဲ့ ငံရှရှ အရသာကို ကြိုက်နှစ်သက်ခဲ့တယ်။ နောက်ပိုင်းကျွန်တော်ပင်လယ်ပြင်နဲ့ဝေးကွာခဲ့တဲ့အချိန်ကစပြီး ပင်လယ်ရေရဲ့ အရသာကို လွမ်းဆွတ်ပြီး ကော်ဖီငံငံ လေးကို ကြိုက်နှစ်သက်ခဲ့တယ်။ ဒီကော်ဖီငံငံလေးကို သောက်တိုင်း ကျွန်တော်ချစ်တဲ့ပင်လယ်ရယ်။ ကျွန်တော်ချစ်တဲ့မြို့၊ကျွန်တော်ချစ်တဲ့ ကျွန်တော့်အိမ်၊ ကျွန်တော်ချစ်တဲ့ ဖေဖေနဲ့မေမေကို အရမ်းသတိရမိတယ်။ ကျွန်တော် သတိရတိုင်း ဒီကော်ဖီငံငံ လေးကို သောက်ဖြစ်တယ်။”

ကောင်လေးကပြောရင်း မျက်ဝန်းမှာ မျက်ရည်တွေ ဝေ့တက်လာတယ်။
ကောင်မလေးလည်း နားထောင်ရင်းစိတ်ထဲမှာ စို့သွားတယ်။ ကောင်းလေးကိုလည်း နားလည်ခံစားပေးခဲ့တယ်။ သူဟာ တကယ့်ကို အိမ်လွမ်းသူ ဇာတိမြေကို ချစ်တတ်သူ တစ်ယောက် ဆိုတာ ယုံကြည်ခဲ့တယ်။

ဒါနဲပဲသူတိုဟာ တစ်ယောက်အကြောင်းတစ်ယောက် စကားတွေအများကြီးပြောဖြစ်ခဲ့တယ်။ နောက်ပိုင်း မကြာခဏတွေဖြစ်ခဲ့ကြတယ်။
ဒီလိုနဲပဲ သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် နားလည်မှု ဂရုစိုက်မှုတွေနဲ့ ချစ်သူဘဝကိုရောက်သွားကြတယ်။ သူတို့နှစ်ယောက်ရဲ့ဘဝဟာ တစ်ခြားဘာအခက်အခဲမှ မရှိပဲ လက်ထပ်လိုက်ကြတယ်။ နောက် ပျော်ရွှင်စွာနဲ့ နှစ်ယောက်သားနေထိုင်ခဲ့ကြတယ်။ ပြီးတော့ အမြဲတမ်း သူမဟာ ကော်ဖီသောက်တိုင်း သူ့ကောင်လေးကြိုက်တတ်တဲ့ ကော်ဖီငံငံလေး ကို ဖျော်တိုက်ခဲ့တယ်။

ဒီလိုနဲသူတိုဟာ ပျော်ရွှင်စွာနေထိုင်လာခဲ့ ပြီး ဆယ်စုနှစ် ၂ခု ၃ခု ကို ကျော်လွန်လာခဲတယ်။ အသက်တွေကြီးရင့်လာတော့ သူဟာ ဆုံးပါးခဲ့တယ်။ သူဟာ ဆုံးပါးပြီး နောက်စာလေးတစ်စောင် ကို သူမအတွက် ချန်ထားခဲ့တယ်။ စာထဲမှာကတော့

” ချစ်လှစွာသော ညီမ

ကိုယ့်ကို ခွင့်လွတ်ပါလို့ ပထမဦးစွာတောင်ပန်ချင်ပါတယ်။ ကိုယ်ဟာ မင်းကို တစ်ဘဝလုံးလိမ်လည်ခဲ့မိတယ်။ ကိုယ်လိမ်လည်ခဲ့မိတာကတော့ ကော်ဖီငံငံ လေးအကြောင်းပါပဲ။ မင်းမှတ်မိ မလားမသိဘူး။ ကိုယ်တို့ ပထမဦးဆုံး စတွေ့ခဲ့တဲ့နေ့ကပေါ့။ အဲဒီနေ့က ကိုယ်တစ်ကယ် စိတ်လှုပ်ရှားပြီးတုန်လှုပ်နေခဲ့တယ်။ အမှန်တကယ် ကိုယ်မှာချင်တာက သကြားပါ။ ဒါပေမယ့် ကိုယ်မှာလိုက်တာက ဆားဖြစ်နေတယ်။ ကိုယ်ပြန်မှာဖို့အတွက်က အရမ်ကို စိတ်လှုပ်ရှားနေလို့ ဒီအတိုင်ပဲထားလိုက်တယ်။ အဲဒီကော်ဖီငံငံလေးကိုပဲဆက်သောက်ဖြစ်လိုက်တယ်။ အဲဒီမှာ ကိုယ်မထင်ထားခဲတဲ့ ကိုယ်တိုနှစ်ယောက်ရဲ့စကားဝိုင်းလေးဟာ တိတ်ဆိတ်နေရာကနေ စကားတွေအများကြီးပြောဖြစ်ခဲ့ကြတယ်။ ကိုယ်မင်းကို အဖြစ်အမှန်ဖွင့်ပြောချင်ပါတယ်။ ဒါပေမယ့် မင်းမုန်းသွားမှာကို ကိုယ်အရမ်းကြောက်ရွံခဲ့တယ်။ ဘာလို့လည်းဆိုတော့ ကိုယ်မင်းကို ကတိပေးခဲ့တယ်လေ ကိုယ်မင်းကို ဘားမှ မလိမ်ခဲ့ပါဘူး ဆိုတာ။ ကိုယ်အခုသေဆုံးခဲ့ပြီ ဆိုတော့ ကိုယ်အဖြစ်မှန်ကို ပြောပြခဲ့မယ်။ ကိုယ် ကော်ဖီငံငံ လေးကို လုံးဝ မကြိုက်ခဲ့ပါဘူး ။ ဒါပေမယ့် တော်တော်လေးကို ခါးပြီးငံတဲ ကော်ဖီ ကို ကိုယ်တစ်သက်လုံး သောက်သုံးခဲ့တယ်။ ကိုယ်မင်းကို စပြီးတွေတဲ့ အချိန်ကစပြီး ကိုယ်တစ်ခုမှ မင်းအပေါ်မှာ အမှားမလုပ်ခဲ့ပါဘူး ။ မင်းနဲ့အတူတူ ရှိနေတဲ့အချိန်တိုင်းဟာ ကိုယ်အတွက် အပျော်ရွှင်ဆုံးအချိန်တွေဖြစ်ခဲ့ပါတယ်။ နောင်ဘဝ ဆိုတာရှိခဲ့ရင် ကိုယ်မင်းနဲ့နေချင်ပါသေးတယ်။ မင်းတိုက်တဲ့ကော်ဖီ ငံငံ လေကို ဆက်သောက်ချင်ပါသေးတယ်။
”

စာဖတ်နေရင်းနဲ့ သူမရဲ့မျက်ရည်တွေဟာ အတားအဆီမဲ့စွာစီးဆင်းလာတယ်။ သူ့ရဲ့ အချစ်ကို နှမြောတသစွာနဲ့ လွမ်ဆွတ်မိတယ်။ နောင်အခါ သူမကို ဘယ်သူမေးမေး ကော်ဖီ အရသာလေးက ဘယ်လိုနေလဲဆိုရင် ချိုတယ်လို့ ဖြေခဲ့တယ်။

အချစ်ဆိုတာ ဘယ်တော့မှ မမေ့နိုင်သလို ခွင်လွှတ်နိုင်ပါတယ်၊ မမြင်ရနိုင်ပေမယ့် နားလည်ပေးနိုင်ပါတယ်။

ဆက္ဖတ္ပါ...

Thursday, June 12, 2008

ကိုစိုးထက် နှင့် မစိုးမြနန္ဒာသက်လွင် တို့အား အားပေးဖိတ်ခေါ်ခြင်း

ကျွန်တော် ဖတ်လိုက်ရတဲ့ သတင်းတွေအတွက် စိတ်မကောင်းဖြစ်မိတယ်။ ကို ဘလောက်ကာ1001burmese.blogspot.com ရဲ့ ကဲ့ရဲ့ဝေဖန် ရှုပ်ချခဲ့တဲ post ကို ဖတ်လိုက်ရတယ် တော်တော် လေးကိုဝေဖန် ထားတာပဲ။ ထားလိုက်ပါ သူတိုက ဘယ်လိုဦးတည်ချက်နဲ့ပဲ ဝေဖန်ဝေဖန် ကိုယ်ဝါသနာပါရာ အလုပ်ကို အဆုံးမသတ်စေချင်ပါဘူး။ ဒီလို အလကားနေရင်းသူများတွေကို လိုက်ဝေဖန်တတ်တဲ့ လူမျိုးက တစ်မျိုုးသက်သက်ကို ရှိတယ် အဲဒီလူမျိုးတွေကို အရှုံးမပေးစေချင်ဘူး။ သူတို့ဘယ်လောက်ဝေဖန်နိုင်မလဲ ဘယ်လောက်ရှုံ့ချ နိုင်မလဲဆိုတာကိုပဲ စောင့်ကြည့်လိုက်ပါ သူတို့ကို အပြုံးလေးနဲ့ ခွင့်လွှတ်လိုက်ပါ။ ကိုယ့်ဘလောက်ကို ပိတ်လိုက်တာ ဖျက်လိုက်တာဟာ သူတို့ကို အရှုံးပေးလိုက်တာပဲ။ သူတို့ ရဲ့ဝေဖန်ကဲ့ရဲ့မှုတွေကို ကိုယ်က ကျေနပ်စွာလက်ခံလိုက်တဲ့သဘောပါပဲ ကိုယ်မှန်တယ် ထင်ရင် ဘယ်သူ့ကို မှ ဂရုစိုက်စရာမလိုပါဘူးလို့တော့ထင်ပါတယ်။ ကျွန်တော် သူတို့ကို တော့ မပြောလိုတော့ပါဘူး (010burmese.blogspot.com) အဲ sorry (1001brumese.blogspot.com) သူတို့တွေက ပြောလေကဲလေဆိုတဲ့ လူမျိုးတွေ သူတိုကို ဒေါသဖြင့်နေရင်လည်းကိုယ်ပဲပင်ပန်းပါတယ်။ သူတို့က အဆဲခံချင်တဲ့သူတွေလေ သူတို့ကို ဆဲလေသူတို့က ပိုပျော်လေ သူတို့တိုက်ခိုက်တာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်သွားလို့ ခုဆိုရင် ဘလောက်တွေ ဖတ်ပြီးရီနေလောက်ပါပြီ။ ထားလိုက်ပါသူတို့ကို ခဏလေး ဝိုင်းအပြင်ဘက် ထုတ်ထားလိုက်ပါ။ ကိုယ်လုပ်နေတဲ့အလုပ်တွေဆက်လုပ်ပါ။ ကျွန်တော့်တို့ တွေအားလုံး ကိုစိုးထက် နှင့် မစိုးမြနန္ဒာသက်လွင် တို့ရဲ့ posts လေးတွေကို စောင့်မျှော်နေပါတယ်။ အမြန်ဆုံး ပြန်လည် ပြင်ဆင်နိုင်ပါစေလို့ ကျွန်တော် မင်းမြတ်ဘုန်း(အဆုံးမဲ့လွမ်းချင်း) ဆုတောင်း ၍ အားပေးဖိတ်ခေါ်လိုက်ပါတယ်။

ဆက္ဖတ္ပါ...

Tuesday, June 10, 2008

ပရဝါဒီတစ်ဦးနှင့် ဆွေးနွေးခြင်း

ထေရဝါဒ ဗုဒ္ဓဘာဝင်တိုင်း ပြည့်စုံစွာ နားလည်ထားသင့်သော ထေရဝါဒ ဗုဒ္ဓဘာသာ အကြောင်း ဆွေးနွေးခန်းကို ကိုလင်းဦး (စိတ်ပညာ) ဆီကနေ ကူးယူ ဝေမျှလိုက်ပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာ အဓွန်ရှည်စေသော်။

ဘယ်သို့မြင်၍ ဘယ်လိုဆိုလေသည်ကို မသိပါ။ လွယ်လွယ်ပေါ့ပေါ့တော့ မဟုတ်တန်ရာ။ နှစ်များစွာ ကွဲကွာနေသူ မိတ်ဆွေရင်းတစ်ဦး အလည်ရောက်လာပါသည်။ သူက ထာဝရ ဘုရားသခင် ဘာသာဝင် အမျိုးသမီး ဖြစ်ပါသည်။ ရင်းရင်းနှီးနှီးမို့ အိမ်အတွင်း စာကြည့်ခန်းကို ဝင်ကြည့်ပြီး မေးခွန်းထုတ်လိုက်သည်မှာ -
“ဘာသာရေးစာပေတွေကို ရေးနေတယ်လို့ ကြားရတယ်။ ဒါတွေ အကုန်ဖတ်နိုင်ရဲ့လား” ဟု စာအုပ်စင်ကို လက်ညှိုးညွှန်၍ စကားဆိုလိုက်ပါ၏။
“ဟုတ်ကဲ့ ...လေ့လာဖတ်ရှု့ဖို့ စုဆောင်းရတာမို့ ကြိုးစားဖတ်ရပါတယ်”
“ဘာသာရေး စာအုပ်တွေ အမျိုးမျိုး များလွန်းလှပါကလား၊ အယူအမြင်တွေ ကွဲပြား မကုန်ဘူးလား”

သူ့အမြင်ဖြင့် မေးခြင်းဖြစ်ပါ၏။ သူတို့ ကိုးကွယ်သော ဘာသာများက များသောအားဖြင့် ကျမ်းစာ တစ်အုပ်တည်းကိုသာ စွဲကိုင်အားပြုကြခြင်းကြောင့် ဖြစ်တန်ရာပါသည်။
“ထေရဝါဒ ဗုဒ္ဓစာပေကျမ်းစာတွေမို့ ဗုဒ္ဓရဲ့တရားအစစ် အမှန်များ ဖြစ်ပါတယ်”
“ဗုဒ္ဓဘာသာမှာ မစစ်မှန်တဲ့ ဘာသာရေးစာပေတွေကော ရှိလို့လား” ဟု သူမက ထပ်ဆင့် မေးလာပါသည်။
“အစစ်ရှိရင် အတုဆိုတာ ရှိလာတတ်တာမို့ မရှိဘူးလို့ မပြောချင်ပါဘူး၊ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ခရီးအမျိုးမျိုး ဖြစ်သန်းခဲ့ရတော့ အရောအနှောတွေ၊ အပြုအပြင်တွေ မကင်းပါဘူး၊ ကြည့်တတ်သူတွေ မြင်ကြပါတယ်”

မိတ်ဆွေအမျိုးသမီးသည် တစ်စုံတစ်ရာ စဉ်းစားနေရာမှ တည်ငြိမ်စွာဖြင့်ပင် ဆိုလိုက်သည်မှာ-
“ကမ္ဘာမှာ ဘာသာတွေအားလုံးဟာ ကောင်းကြတာချည်းပါပဲ။ အားလုံး အတူတူ ဖြစ်ကြပါတယ်။ မှန်ကန်တဲ့ မဂ္ဂင်လမ်းနဲ့ ကျင့်ကြံနေကြတာပဲ။ မဟုတ်လား ”

မမျှော်လင့်သော ဒီစကားကြောင့် ကျွန်တော့်မှာ အံ့အားသင့်ရပါပြီ။ ဘယ်လိုလဲ။ ဘာကြောင့် ဒီစကားကို ဆိုလေသလဲ။ မြောင်းသွယ်လိုက်ခြင်းပေလော။ ခပ်လွယ်လွယ်နှုတ်ခမ်းလှုပ်ရုံတော့ မဟုတ်နိုင်ပါပေ။ “အားလုံးကောင်းပါသည်” အဆိုကိုမူ လူသားဆိုင်ရာ အဆုံးအမများ၊ လမ်းညွှန်မှုကောင်းများ ရှိကြ၍ လက်သင့်ခံရမည်သာ။ လူမျိုးအသီးသီး၌ ဒါနပြုသူများလည်း ရှိကြပါ၏။ ဤသည်တို့၌ လုပ်ငန်းအသွင်အားဖြင့် အချင်းချင်း တူညီကြစေကာမူ သဘောအားဖြင့် ခြားနားမှု ရှိကြပါသည်။ “အားလုံး အတူတူချည်း” ဆိုပါလျှင် အဘယ်ကြောင့် ကမ္ဘာတွင် ဘာသာတွေ ထွေပြားနေကြပါသနည်း။

ယနေ့ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာ “တစ်ကမ္ဘာလုံး ပေါင်းစည်းလာမှုဖြစ်စဉ်” (GLOBALISATION) ဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတို့ကို တစ်ပုံစံတည်း၊ တစ်ထပ်တည်း ပေါင်းစည်းမှု ဖြစ်လာအောင် စိတ်ကြိုက် လိုသူများက ဖန်တီးကြိုးပမ်းနေချိန်ဝယ် မွန်မြတ်သည့် ယုံကြည်မှု၊ ဘာသာရေးကိုပင် တစ်ပုံစံ၊ တစ်ထပ်တည်း (GLOBALISATION) အားကျ နေပြန်သည်လား။ ဘယ်သို့ ဘယ်ပုံ ယူချင်၍ ဘယ်ဆီသို့ ဆွဲခေါ်နေပြီၤနည်း။ မိတ်ဆွေ အမျိုးသမီးသည် ဗုဒ္ဓဝါဒကို မည်မျှနားလည်သည်တော့ မသိပါ။ “သမ္မာမဂ္ဂင်” ကောင်းသောလမ်းနှင့် အကျင့်ဟူသော သကြားလုံးကို ကမ်းလိုက်လေပြီ။ တိုးတက်နေသော ဆက်သွယ်မှု နည်းပညာသစ်ပေလော ။

လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုကို တန်ဖိုးထား မြတ်နိုးလေးစားပါ၏။ ဘာသာရေး လွတ်လပ်ခွင့်သည် လူသားတို့၏ ဘဝပေးပိုင်ခွင့်ပင် ဖြစ်ပါ၏။ အရာရာ၌ အမြင်အမျိုးမျိုး ၊ ရှု့ထောင့်အသွယ်သွယ်ကိုလည်း နားလည်လက်ခံလာပါ၏။ အမှတ်မထင် အတွေ့အကြုံလေးတစ်ခု သတိရပေါ်လာခဲ့ပါပြီ။


မော်တော်ကားမှောက်၍ သေသူ၊ ပြင်းထန်စွာ ဒဏ်ရာရသူများ၏ သွေးသံရဲရဲကြားက တရုတ်ကြီးတစ်ယောက် အူယား ဖားယား ကုန်းထလာသည်။ သူရင်ပတ်ကို လက်ဝါးနှစ်ဖက်ဖြင့် ဖိ၍ ခါးကော့ကာ မအီ မသာ ဖြစ်နေ၏။ ရှုံ့မဲ့မဲ့ မျက်နှာ လူသေလောင်းတစ်ခုကို လက်ညှိုးထိုးပြပြီး “စူက..စေတာစေ...နာလောက် မနာဘူး” ဟူသော ညောင်နာနာ အသံဖြင့် ဆိုလိုက်ပုံကို ကြားရသူတို့ ငိုအားသန်နေချိန်ဝယ် ပြုံးမဲ့မဲ့တော့ ဖြစ်ရပါ၏။ ယခု ကျွန်တော့်မိတ်ဆွေ အမျိုးသမီး၏ ဆန္ဒအသံကို စဉ်းစားရချေပြီ။ သူ့အမြင်ဟုပင် ထင်မိပါ၏။ ပြုံးရပါ၏။

သူ့ကို အေးအေးဆေးဆေးပင် ရှင်းပြရပါ၏။ အရာရာမှာ တူညီ ထပ်တူကျဖို့ တစ်သားတည်ဖြစ်ဖို့ ဆိုသည်မှာ ဘာမဆို အခြေခံအကြောင်းတွေ မတူဘဲ ပြုလုပ် မရနိုင်ပါ။ တြိဂံ၊ စက်ဝိုင်း၊ စတုဂံပုံအမျိုးမျိုးကို တစ်ထပ်တည်း ကျအောင် မတူညီဘဲ လုပ်မရပါ။ ဗုဒ္ဓဘုရားရှင်ပင် သတ္တဝါတွေ အားလုံးကို ကျွတ်တမ်းဝင်အောင် မပြုခဲ့နိုင်သလို ဖန်ဆင်းရှင်ဆိုသည့် ထာဝရ ဘုရားသခင်တို့ကလည်း ဖန်ဆင်းခံ လူသားတွေကို အဘယ်ကြောင့် ဆင်းရဲသူ၊ ချမ်းသာသူ၊ အရုပ်ဆိုးသူ၊ ရုပ်လှသူ၊ အယုတ်၊ အလတ်၊ အမြတ် ကွဲပြားနေစေ ခဲ့ရပါသနည်း၊ အဘယ်ကြောင့် လူသားအားလုံး တူညီမှုရိှအောင် ဖန်ဆင်း မပေးသည်ကို မေးစရာရှိလာကြောင်း ရှင်းပြရပါသည်။ ကမ္ဘာ့လူသားအားလုံး ဘက်ပေါင်းစုံ တစ်ထပ်တည်းကျအောင် (GLOBALISATION) ဖန်တီး မပေးသင့် ပေဘူးလားဟု မေးမိပါသည်။

ဆက်လက်၍ ဗုဒ္ဓဘာသာသည် အခြားဘာသာ အချို့ကဲ့သို့ အင်္ဂလိပ် ဝေါဟာရ “ရီလေးဂျင်း” (RELIGION) ဟု မဆိုနိုင်ကြောင်း။ ရီလေးဂျင်းဟူသည် ထာဝရဘုရားသခင်၊ ထာဝရဗြဟ္မာကြီး၊ ထာဝရ နတ်ဘုရားကြီးတို့က စကြဝဠာကြီး တစ်ခုလုံးကို ဖန်ဆင်းပေးထားသော လောကကြီးတစ်ခုလုံးအား ပိုင်စိုးကြိုးကိုင်ထားသော အနန္တတန်ခိုးရှင် အယူကို လက်ခံသော ဝါဒဖြစ်လေသည်။ (belief is GOD as a Creator and controller of the Universe)။

ဗုဒ္ဓဘာသာသည် သက်ရှိသက်မဲ့ အရာအားလုံးကို မည်သူကမျှ မဖန်ဆင်းပါ။ ဖန်ဆင်းရှင် မရှိပါ။ ဗုဒ္ဓဘုရားရှင်တို့မှာပင် မည်သည့် တန်ခိုးရှင်ကမျှ ဖန်ဆင်းပေးခြင်းမျိုး မဟုတ်ဘဲ လူသားအနေဖြင့် အမှန်တရားကို ရှာ၍ ကိုယ်တိုင် ကျင့်ကြံအားထုတ်မှုဖြင့်သာ ဘုရားအဖြစ် ရောက်တော်မူရပါသည်။ ဗုဒ္ဓဘုရားတို့မှာလည်း အမြဲထာဝရ တည်နေခြင်းမျိုး မဟုတ်ပါ။ လူသားများကဲ့သို့ မမြဲသော အနိစ္စ တရားကို ဘုရားရှင်များပင် ကြုံကြရပါသည်။ သို့ဖြစ်၍ ဗုဒ္ဓဝါဒမှာ “အနတ္တဝါဒ”သာ ဖြစ်ပါသည်။ ဤသို့ မမြဲခြင်း သဘောကြောင့် ဗုဒ္ဓဘုရားတို့မှာလည်း မအို၊ မနာ၊ မသေ ထာဝရ တည်နေသည့် ဘုရားမဟုတ်၍ “တစ်ဆူတည်း”သော ဘုရား (Mono Theism) မဟုတ်ပါ။ ဗုဒ္ဓဘာသာ၌ ရှေးကလည်း ဘုရား အဆူဆူ များပြားစွာ ပွင့်ခဲ့လေပြီ။ နောင် အနာဂတ်မှာလည်း အဆူဆူသော ဘုရားများ ပွင့်ကြပေဦးမည်။ ယခု ဂေါတမ ဘုရားနောက်တွင် အရိမေတ္တယျဘုရားရှင် ပွင့်တော်မူမည်ဟု ယုံကြည်ကြပါသည်။

“ရီလေးဂျင့်”ဘာသာတို့၌ ဘုရားသခင် မဟာဗြဟ္မာကြီး၊ နတ်ဘုရားကြီးတို့မှာ တစ်ဆူတည်းသော ဘုရားများအဖြစ် ပြောင်းလဲခြင်းမရှိ ၊ ထာဝရတည်နေကြပါသည်။ သို့ဖြစ်၍ ထာဝရဘုရားများဟု ဆိုပါသည်။ မမြင်ရသည့် ကောင်းကင်ဘုံ ဘုရားများဖြစ်ကြ၍ သက်ရှိသက်မဲ့ အားလုံးကို ဖန်ဆင်းပေးထားသည်။ သတ္တဝါ အားလုံးတို့၏ အကောင်းအဆိုးကို ဘုရားသခင်က တာဝန်ယူ၍ ဘုရားသခင်၏ အလိုတော်အရ ဖြစ်ကြရသည်ဟု ယုံကြည်ကြသည်။ ထာဝရ ဘုရားသခင်တို့၏ ဝါဒမှာ “နိစ္စဝါဒ” “အတ္တဝါဒ”ဟု ဆိုရပါမည်။

ဗုဒ္ဓဘာသာမှာ ဘုရားရှင်က ဖန်ဆင်းပေးထားခြင်း မဟုတ်၍ တာဝန်ယူထားခြင်းမျိုးလည်း မဟုတ်ပါ။ ပုဂ္ဂိုလ် သတ္တဝါ တစ်ဦးတစ်ယောက်၏ ကောင်းမှု၊ ဆိုးမှုသည် ဘုရားရှင်နှင့် မည်သို့မျှ မပတ်သက်ပါ။ သတ္တဝါတိုင်းသည် မိမိဘ၀ မိမိချမ်းသာအောင်၊ ဆင်းရဲအောင် မိမိဘာသာ ဖန်တီးနိုင်သော ဗိသုကာရှင်များ ဖြစ်ကြပါသည်။ အရာရာမှာ “ဘယ်သူမပြု မိမိမှု” ဆိုသည်မှာ ဗုဒ္ဓ၏ ကမ္မဿတာဉာဏ်အမြင်“ကံ”သည် အခြေခံ ယုံကြည်မှု ဖြစ်ပါသည်။

ကျွန်တော်၏ စကားမဆုံးမီ အမျိုးသမီးက ကြားဖြတ်လိုက်ပါသည်။
“ဒီလိုဆို....... ဗုဒ္ဓက လူသားတွေ ကောင်းအောင်၊ ဆိုးအောင်၊ ကြီးပွားချမ်းသာအောင် တာဝန်ယူ ကယ်တင် မပေးနိုင်ဘူးပေါ့”
သူ့အကွက် ဝင်ပြီထင်၍ မေးခွန်းထုတ်လိုက်ပုံ ရပါသည်။
“ဟုတ်ပါတယ်၊ မှန်ပါတယ်”ဟု ချက်ချင်း အဖြေပေးလိုက်ပါ၏။
အမျိုးသမီးက “ဒါဖြင့်ရင်...... အားကိုးရတာ မဟုတ်ဘဲ ဘာကြောင့် လူတွေက ဘုရားရှင်ကို ကိုးကွယ်နေကြတာလဲ ”
ဤသည်မှာ မေးသင့် မေးထိုက်သော မေးခွန်းဖြစ်ပါ၏။ အချို့သော မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တို့ပင် အမြင်ရှင်းချင်မှ ရှင်းကြပါမည်။

“ဟုတ်ကဲ့၊ “ကိုးကွယ်”နဲ့ “အားကိုး” နားလည်ဖို့ လိုပါမယ်။ တူသယောင်ယောင် ထင်စရာ ဖြစ်ပါတယ်။ “ကိုးကွယ်” ဆိုတာက တစ်ပါးသူရဲ့ ကျေးဇူးဂုဏ်တွေကို အောက်မေ့ပြီး ကြည်ညိုမှုနဲ့ အရိုအသေ အလေးအမြတ်ပြု ပူဇော်ခြင်း ဖြစ်ပါတယ်။ “အားကိုး”ဆိုတာ တစ်စုံတစ်ဦးဆီက တစ်စုံတစ်ရာ ရဖို့၊ လိုချင်လို့၊ ဖြစ်စေချင်တာ ဖြစ်ဖို့၊ မျှော်မှန်းခြင်း ဖြစ်ပါတယ်။ ဥပမာနဲ့ ပြောရရင် ပညာသင်ကြားတဲ့အခါမှာ ဆရာ၊ ဆရာမတွေက ဘာသာရပ်ဆိုင်ရာ အသိပညာ၊ အတတ်ပညာ သင်ကြားပေးကြပါတယ်။ သွန်သင်ပြသ ဆုံးမတဲ့ ဆရာတွေရဲ့ ဂုဏ်ကျေးဇူးကို လေးစားမြတ်နိုးကြည်ညိုမှုနဲ့ ပူဇော်ကြတာဟာ “ကိုးကွယ်မှု” သဘောပေါ့။ သင်ကြားပေးတဲ့ ပညာရပ်တွေကို တကယ် သိနားလည်ဖို့၊ စာမေးပွဲအောင်ဖို့ဆိုတာ ကိုယ့်ဘာသာ ကြိုးစားအားထုတ်ရတာမို့ မိမိကိုယ်သာ အားကိုးရမှာ ဖြစ်သလို သင်ကြားပေးတဲ့ ပညာရပ်တွေက မိမိဘဝအတွက် အကျိုးဖြစ်ထွန်းစေမယ်ဆိုတဲ့ ပညာရဲ့ တန်ဖိုးကိုလဲ အားကိုးရမှာ ဖြစ်ပါတယ်။ ”

“ဗုဒ္ဓဘုရားရှင်ဟာလဲ လောကသားတွေ မသိမမြင်ကြတဲ့ တရားတော်တွေကို ဟောပြောပြခဲ့ပါတယ်။ အမှားနဲ့ အမှန်ကို ခွဲခြားပြသခဲ့ပါတယ်၊ မကောင်းကျိုးကို ဖြစ်စေတဲ့ အကုသိုလ်အမှားတွေ၊ ကောင်းကျိုးကို ဖြစ်စေတဲ့ ကုသိုလ် အမှန်တရားတွေကို ရှင်းလင်း ပြသခဲ့ပါတယ်။ လောကီ ကြီးပွားရာ အကြောင်းတရားတွေကို ဟောကြားခဲ့သလို ဒုက္ခအပေါင်းမှ လွတ်မြောက်စေနိုင်တဲ့ အမှန်တရားသစ္စာနဲ့ အားထုတ်ရာလမ်းကြောင်း “မဂ္ဂင်”တရားတွေလဲ ပြခဲ့ပါတယ်။ သံသရာမှာ ကောင်းသောဘဝကို ရောက်စေနိုင်မယ့် လမ်းကောင်း လမ်းမှန်နဲ့ မကောင်းသော လမ်းဆိုး လမ်းမှားတွေကို ခွဲခြားပြသခဲ့ပါတယ်။”

“ဗုဒ္ဓဘုရားကို ကယ်တင်ရှင်လို့ ဆိုချင်ရင် လမ်းမှား မရောက်အောင်၊ လမ်းမှန်ရောက်အောင် ညွှန်ကြားပြသတဲ့ လမ်းညွှန်ဆရာ ကယ်တင်ရှင်လို့ ဆိုနိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက ဘုရားရှင်ရဲ့ တရားစစ်၊ တရားမှန်တွေကို ယုံကြည်စွာနဲ့ ဘုရားရှင်အား အတုမရှိ ကျေးဇူးတော်ရှင်အဖြစ် အောက်မေ့ပြီး ဆည်းကပ်ရှိခိုး ပူဇော် ကိုးကွယ်ကြခြင်းသာ ဖြစ်ပါတယ်။ တကယ် အားကိုးရမှာက ဗုဒ္ဓရဲ့ “ဓမ္မ”တရားသာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ ရတနာ သုံးပါးအနက် “ဘုရားရတနာ”နဲ့ ဘုရားသာသန အမွေခံ “သံဃာရတနာ”တို့ဟာ ကိုးကွယ်ရာ၊ ပူဇော်ရာသာ ဖြစ်ပြီး “တရားရတနာ”ကတော့ ကိုးကွယ် ပူဇော်ရာရော အားကိုးအားထားရာလဲ ဖြစ်ပါတယ်”

ကျွန်တော် ခေတ္တရပ်နားပြီး ရေနွေးကြမ်းငှဲ့လိုက်စဉ်မှာပင် အမျိုးသမီးက “ဘုရားသခင်ဖြစ်မှသာ ကိုးကွယ်ရာ၊အားကိုးရာ ကုန်ပြီနော်” ဟု မေးလာပြန်ပါသည်။

ကျွန်တော်က “ထာဝရ ဘုရားတွေမှာတော့ မသိပါဘူး။ ဗုဒ္ဓဘုရားရှင်မှာတော့ အလေးအမြတ် ပူဇော်ရာ ရှိပါတယ်။ ဘုရားဖြစ်တော်မူစမှာ “ငါသည် ရိုသေ အလေးအမြတ် ပြုစရာမရှိဘဲ နေထိုင်ရခြင်းဟာ ဆင်းရဲလှ၏ လို့ ကြံစည်၊ စဉ်းစား၊ ဆင်ခြင်ကြည့်ရာမှ မိမိထက်သာလွန်သည့် ပုဂ္ဂိုလ် မရှိတော့တဲ့အတွက် မိမိသိပြီး တရားတော်တွေကိုပဲ ရိုသေလေးစား မြတ်နိုးပူဇော်တဲ့အနေနဲ့ ထပ်တလဲလဲ တရားတော်ကို ဆင်ခြင် အောက်မေ့ပြီး နေခဲ့ပါတယ်။ ဒါဟာ တရားတော်ကို ပူဇော် ကိုးကွယ်ခြင်းပါပဲ”

အမျိုးသမီးသည် တစ်စုံတစ်ရာကို သတိရ စဉ်းစားမိဟန်ဖြင့် အနီးရှိ ဂျာနယ်ကို ဆွဲကိုင် ဖြန့်ပြပါသည်။ ပြီးတော့ တစ်နေရာကို လက်ထောက်၍ ဖတ်ပြပါသည်။
“ဟောသည်မှာ နားထောင်...... ကိုယ်ပိုင် လုပ်ငန်းကြီးတွေ တိုးတက်စေဖို့၊ ရာထူးတွေ တိုးတက်စေဖို့၊ စာမေးပွဲတွေ၊ အင်တာဗျူးတွေ အောင်စေဖို့၊ ထူးချွန်ဖို့၊ နေရာကောင်းရဖို့၊ ကျန်းမာသန်စွမ်း လိမ္မာကျိုးနွံ ချမ်းသာ ကံကောင်းမဲ့ သားသမီးတွေ မွေးဖွားစေဖို့၊ အသက်ဘေး အန္တရာယ် ကင်းဝေးစေဖို့၊ ငွေဝင်လာဘ်ရွှင် စီးပွားတက်လာစေဖို့၊ ထီဆုကြီး ပေါက်စေဖို့၊ နိုင်ငံခြားကို အမြန်သွားရဖို့ ၊ ရောင်းမကောင်းတဲ့ ကုန်တွေ စွံစေဖို့၊ ကံကောင်းစေဖို့၊ လိုရာ ဆန္ဒ ပြည့်ဝစေဖို့၊ ကံညံ့ရင်လဲ သတိပြုရမယ်၊ ကံ တက်ရင်လဲ သတိပြုရမယ်။ ကံပြင်ပေးမယ်၊ အနာဂတ်ကို ကြောက်နေစရာမလို၊ အို....... စုံလို့ ပါပဲ ။ ”

“အေးဗျာ...... အရာရာမှာ ယုံတတ်သူ၊ ယုံလွယ်သူ၊ ယုံချင်လွန်းသူတွေ ရှိနေတတ်တယ် မဟုတ်လား၊ ဗုဒ္ဓဘာသာ အမည်ခံတွေပေါ့ဗျာ။ ”

အမျိုးသမီးက “သူတို့က ဗုဒ္ဓဘာသာဝင်တွေဆို ဗုဒ္ဓတရားတော် သိကြမှာပေါ့။ ကံ ကံ၏ အကျိုးကို ယုံကြည်တယ်ဆို ”

ကျွန်တော့်အား ပြန်ပြီး ချေပပါသည်။ ဒီ ဗုဒ္ဓဘာသာအမည်ခံတွေကြောင့် ဘာသာခြားတို့ရဲ့ လက်ညှိုးထိုးခြင်းကို ခံနေရပါပြီ။ လက်ညှိုးထိုးမခံရဖို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ထေရဝါဒ ဗုဒ္ဓဘာသာစစ်စစ်ကို ကျင့်ကြံ နေထိုင်သင့်ပါကြောင်း။ သို့မဟုတ်ပါက ဒီလိုပဲ အခြားဘာသာဝင်တို့ရဲ့ လက်ညှိုးထိုးစရာများ ဖြစ်နေပါကြောင်း စေတနာရှေ့ထားကာ ရေးသားလိုက်ရပါသည်။


ဆက္ဖတ္ပါ...

Tuesday, May 27, 2008

မေလ၏နေ့ရက်များ

အားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ လို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ခုမှ blog

ဘက်ပြန်လှည့် နိုင်တယ်။ သူငယ်ချင်းအားလုံးနဲ့ ခွဲခွာခဲ့ရတာ တော်တော်လေးကြာသွားတယ်။ ဒီ

May 2 က စပြီး စိတ်ကော လူရော ပင်ပန်ကြီးစွာနဲ့ ဖြတ်သန်းခဲ့ရတယ်။ နာဂစ် ကြောင့်

မြန်မာပြည်ကို မြန်မြန်ပြန်လစ်ရတယ်။ မြန်မာပြည်ကို ဆင်းဆင်း ခြင်း

ကိုယ်တိုင်မြင်တွေ့ရတာတွေဟာ ပြန်မပြောပြလောက်အောင်ကို စိတ်ဆင်းရဲခဲ့ရတယ် နဂိုကမှ

တော်တော်လေးကို ပျက်ဆီးယိုယွင်းနေတဲ့ ရန်ကုန်မြိုကြီးဟာ ခုဆိုရင် တစပြင် ကို

ဖြစ်သွားတယ်။ နှစ်ပေါင်းများစွာ သက်တမ်းရင့်ပြီးသား သစ်ပင်တွေ လဲပြိုခဲ့ တယ်။

သဘောကတော့ ဟောင်းနွမ်းဆွေးမြေ့နေပြီးဖြစ်တဲ့ မြန်မာပြည်ကြီးကို

အသစ်တဖန်ပြန်လည်တည်ဆောက်ဖို့အတွက် နာဂစ်က ပထမဦးစွာ

ရှင်လင်ဖယ်ရှားပေးလိုက်တာပဲ ပြုပြင်ပြောင်းလဲဖို့ လိုအပ်လာပြီးဆိုတာ သဘာဝကြီးက

နိုးဆော်လိုက်တာ။ ဟောင်းနွမ်းဆွေးမြေ့နေပြီဖြစ်တဲ့ မြန်မာပြည်ကြီးရဲ့ စနစ်ဆိုးတွေကို လည်း

ပြုပြင် ဖယ်ရှားဖို့ သဘာဝတရားကြီးက ဆော်သြော် လိုက်တာ။ ဒါပေမယ့်

ပြည်သူတွေအတွက်တော့ တော်တော့်ကို့ စိတ်မကောင်းစရာပါပဲ။ သဘာဝမုန်တိုင်း နှင့်

အတ္တမုန်တိုင်း အောက်မှာ လူတွေက လူလိမ့်အောင်ကို ခံစားရတယ်။ မုန်တိုင်းကြောင့် အိုးမဲ့

အိမ်မဲ့ သားကွဲ မယားကွဲ နှင့် ရင်နင့်အောင်ခံစာရ နောက်ပြီး အတ္တမုန်တိုင်းကြောင့် ကျန်းမာရေး၊

ပညာရေး၊ အကျင့်စာရိတ္တ ၊ အနာဂတ် အားလုံး မဲ့ အားလုံးအားလုံး ဆုံးရှုံး။

ဒါတွေကို အမှန်တကယ် သိမြင်တတ်ဖို့ လိုလာပြီ၊ ကိုယ်တဦးတစ်ယောက်အတွက်

လူတွေအမျာကြီးကို မစတေးသင့်ဘူး။

ဒိလို စိတ်မကောင်းခြင်းများစွာနဲ့ အိမ်မှာ ပျက်စီးသွားတာလေးတွေကို အမြန်ဆုံး

ပြုပြင်ပြီးတော့ ပြန်လာခဲ့ရတယ်။ ဒီရောက်တော့ လက်ရှိနေတဲ့အိမ်လေးကလည်း နေလို့

မရတော့ ဘူး ဆိုတော့ အိမ်တစ်လုံး အမြန်ရှာရပြန်တယ်။ အိမ်ရှာရတာလည်းတော်တော်လေးကို

ပင်ပန်းရပြန်တယ် စိတ်ကောလူရော။ အင်း.... အိမ်ရပြန်တော့လည်းပြောင်းရ ရွှေ့ရနဲ လူကို

အရမ်းပင်ပန်းသွားတယ်။ ဒီကြားထဲ ပိုပြီးစိတ်ထိခိုက်သွားရတာ တခုက ကျွန်တော်

အကိုကြီးတစ်ယောက်လိုချစ်ရတဲ့ ကိုစိုင်းရဲ့ ညီလေး အိုက်ဆမ် ဆုံးပါးသွားတာနဲပါတ်သက်ပြီး

တော်တော် လေးကို စိတ်မကောင်းဖြစ်မိတယ်။ မြန်မာပြည် ပြန်သွားတဲ့ အချိန်လေးမှာ

ကျွန်တော် အိုက်ဆမ်နဲ စကားတွေ အများကြီး ပြောဖြစ်ခဲ့တယ် သူ ကိုစိုင်းဆီကို အမေနဲ့ အတူ လိုက်လာမည့် အကြောင်းတွေကို

အားရဝမ်းသာစွာနဲ့ ကျွန်တော့်ကို ပြောပြခဲ့တယ်၊ သူလာချင်တဲ့ကြောင်းလည်းပြောပြခဲ့တယ်။ ပြီးတော့ သေချာစာရေးပြီးတော့

ပေးလိုက်တယ်။ ကျွန်တော်လည်းရောက်ရောက်ချင်း အဲဒီစာကို မပေးဖြစ်ဘူး ဒါနဲ ၂ ရက် ၃ ရက်ကြာသွားတယ်။ ဒီလိုနဲ

သူဆုံးပြီးနောက်နေကျမှ ကိုစိုင်းကို သွားပေးဖြစ်တယ်။ တော်တော်စိတ်မကောင်းဖြစ်သွားတယ်။

အဲဒီလိုနဲ ဒီမေလဟာဆိုရင်ဖြင့် ကျွန်တော်အတွက် စိတ်မကောင်းခြင်း နာကြည်းခြင်း

ဝမ်းနည်းကြေကွဲခြင်း စိတ်ပူပန်ခြင်း အားလုံး စုပုံပြိးခံစား ခဲ့ရတယ်။ စိတ်ကို တော်တော်

တည်ငြိမ်အောင်ထိန်းသိမ်းပြီးရင်ဆိုင်ခဲ့ရတယ်။ တော်တော်ကြိုးစားရဦးမယ် ရှေ့ရှောက်

အသက်ရှင်သန်နေသရွေ့ ရင်ဆိုင်နေရဦးမယ်။ အတွေ့အကြုံ နှင့် ရင့်ကျက်မူ ကို

ဝယ်ယူလို့မရဘူး ဆိုတာ တော်တော် မှန်တယ်။ အခက်အခဲတွေအများကြီးရင်ဆိုင်ခဲ့ပြီးမှ

ရင့်ကျက်မူဆိုတာ ရလာတာပါ။ ကျွန်တော် လည်းရင့်ကျက်မူ ရှိလာအောင် အခက်အခဲတွေ ကို

များ များ ရင်ဆိုင်လိုက်ဦးမယ်။ :P

ဆက္ဖတ္ပါ...

Thursday, May 8, 2008

သက်ဆိုင်သူသို့ (ဝမ်းနည်းကြေကွဲချင်း)

ကျွန်တော် ချစ်တဲ့ blog ၊ ကျွန်တော့်ရဲ့ blog သူငယ်ချင်းတွေ နဲ့ ခဏခွဲခွာရဦးမယ်။

ပြီးခဲ့တဲ့ရက်တွေစပြီး blog ဘက်ကို မလှည့်နိုင်ဘူး ဖြစ်သွားတယ်။

်အမိမြန်မာပြည်ရဲ့ ဆိုးဝါလှတဲ့ သတင်ကို ကြားကြားမိချင်း

တော်တော်စိတ်မကောင်းဖြစ်မိတယ်။ နေ့စဉ် သတင်းတွေကိုပဲ ရင်နင့်စွာနဲ

ကြားနေရတယ်ပြီးတော့ ကြားရတဲ့ သတင်းတွေအတွက်လည်း နာကြည်းမိတယ်။

ကျွန်တော်ခံစားရတာတွေကို မြန်မာပြည်သားတစ်ယောက်အနေနဲ

ပေါက်ကွဲမိတယ်။ ကိုယ့်မိသားစု မှာတောင် ကိုယ့်သားသမီးတွေ တစ်စုံ

တစ်ခုဖြစ်ရင် တစ်ခုခု ထိခိုက်ဒဏ်ရာ ရရင် ဘယ်မိဘက မှ ပြစ်မထားဘူး

ဘားမှသိပ်မလုပ်ပေးနိုင်တောင်မှ အားပေးစကားတော့ ပြောဖြစ်ကြတယ်။

ဘယ်လောက်ပဲဆိုးတဲ့ သားသမီး ဖြစ်နေပါစေ သူတို့ ဟာ တို့သားသမီးတွေပဲလို့

ကြင်နာသနားတတ်ကြတယ်။ ခုဆိုရင်လည်း ကိုယ့်သားသမီးတွေ

ဒုက္ခရောက်နေကြကုန်ပြီး၊ ပြီးတော့ တစ်ယောက် နှစ်ယောက် မဟုတ်ဘူး သန်းနှင့်

ချီတဲ့ သူတွေ။ ခုချိန်သူတို့တွေရဲ့စိတ်မှာ ကူညီကြပါလို့တောင် မအော်နိုင်ကြတဲ့

အခြေနေ၊ အဲ့တာကြောင့် ဒီလောက်ဆိုးရွား လှတဲ့ အခြေနေမှာ

ဂရုတစိုက်နဲ့သူတိုကို အားပေးသင့်တယ် ထိရောက်တဲ့ ကယ်ဆယ်ရေးတွေ

လုပ်ပေးသင့်တယ်။ နိုင်ငံတကာ ရဲ့အကူအညီကို

လှိုက်လဲဝမ်းသာစွာကြိုဆိုသင့်တယ်

ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ စိတ်ယုတ်မာတွေ မမွေးကြပါနဲ့။

ခုချိန်ခါမှာ ရေးပေါ်အကူအညီတကယ်လိုအပ်နေပြီး မိသားစုတွေ မိသားစုတွေ

အဖေတွေ အမေတွေ အဘိုး အဘွား ညိအကို မောင်းနှမအားလုံး ဘယ်သောင်မှာ

ကပ်လို ဘယ်ချုံမှာ တင်နေကြတယ် မသိနိုင်တော့ဘူး

သေဆုံးခဲ့တဲ့သူတွေအတွက်တော့ ဘာမှဆက်လုပ်ပေးလို့ သိပ်မရတော့ပေမယ့်

သူတို့နဲ့ပတ်သက်ပြီးကျန်ခဲ့တဲ့သူတွေ။ သားတွေ သမီးတွေ အဖေတွေ အမေတွ

ခိုကိုးရာမဲ့ကုန်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ကုန်ပြီး သူတို့ကို

ကျွန်တော့်တို့အားလုံးကတတ်နိုင်သရွေ ကူညီကြရတော့မယ် အားပေးရတော့မယ်

သူတို့ရဲ ဘဝတွေ ဆက်လက်ရှင်သန်ဖို စာနာစိတ်နဲ့ကူညီကြရတော့မယ်။

အားလုံးဟာ ကိုယ့်အမိမြန်မာပြည်မှာ တမြေတည်းနေ တရေတည်းသောက် ကြတဲ့ သူတွေ တစ်စိမ်းတစ်ရံတွေတောင်မှာ

စာနာထောက်ထားစွာနဲကူညီနေရင်

ကိုယ်သွေးရင်းသားရင်တွေက ပိုကူညီပံပိုးသင့်တယ်။ စေတနာသန့်သန့် နဲ့ ကူညီပါ

လူသားတစ်ယောက်နေနဲ့ကူညီပါ။ ကိုယ်ချင်းစာ တရားထားပါ။ ကိုယ့်မိသားစုနှင့်

နှှိုင်းယှဉ်ကြည့်ပါ။ ကိုယ်ဘားမှ မလုပ်ပေးနိုင်တာတောင်မှ လုပ်ပေးနိုင်တဲ့သူတွေကို မပိတ်ပင်သင့်ဘူး။ မေတ္တာထားပြီး လုပ်ကြပါ။

တခြားကိစ္စတွေကို ခဏဘေးဖယ် ပြီး

လုပ်သင့်လုပ်ထိုက်တာကို ဦးစားပေးပါ။

ဒါဟာ မြန်မာပြည်သားတစ်ဦးဖြစ်တဲ့ ကျွန်တော့်ရဲ့ ခံစားချက်များပါ။ မြန်မာပြည်မှာ

မွေးဖွားခဲ့တဲ့သူတွေ အားလုံးလည်းဒီလို ခံစားမိမယ်လို ယုံကြည်ပါတယ်။

ဘာလို့များ ကျွန်တော်တို့ ဗုဒ္ဓဘာသာ နိုင်ငံမှ ဒီလို ဆိုးရွားလှတဲ့ ကပ်ဘေး တွေ

ရင်ဆိုင်နေရတာလဲ။ ကံကံ၏အကျိုးကို သက်ဝင်ယုံကြည်တယ်ဆိုရင်

နောင်အမှားတွေ ဆက်မလုပ်မိဖို့အရေးကြိးပါတယ်။ မြေဇာပင်များကတော့

ပြည်သူတွေပဲပေါ ဗျာ။

ဆက္ဖတ္ပါ...

Wednesday, April 30, 2008

လွတ်လပ်သော စိတ် ( ၄ )

လွတ်လပ်တဲ့သူဟာ တန်အောင်လုပ်ပြီး ယူတယ်

တန်အောင်အလုပ်မလုပ်ပဲ တစ်စုံတရာကို ရဖို့ ဆုတောင်းတာဟာ

တစ်ကိုယ်ကောင်း ဆန်လွန်းတဲ့ ဆန္ဒပဲ။ ကိုယ်က တန်အောင်မလုပ်ပဲနဲ့

များများလိုချင်ပြီး ဆုတောင်းတာဟာ လောဘ အင်မတန်ကြီးတဲ့စိတ်ပဲ။

တန်အောင်မလုပ်ပဲ လိုချင်တာဟာ မလွတ်လပ်လပ်တဲ့စိတ်ထား ဖြစ်တယ်။

တစ်ယောက်ယောက်ဆီက တစ်ခုခုကို တောင်းရရင် ကောင်းမှာပဲလို့

တွေးကြည့်လိုက်ပါ။ တောင်းနေတဲ့ အမူအရာကိုလည်း စိတ်ထဲမှာ မှန်ကြည့်ပါ။

ဂုဏ်သိက္ခာရှိတဲ့စိတ်လား။ ဂုဏ်သိက္ခာရှိတဲ့ အမူအရာလား။ ကိုယ့်ကိုယ်ကို

အဲဒီနေရာမှာ ထားရင် ကိုယ့်ဘဝ ဘယ်လိုဖြစ်လာမလဲ။ တစ်ကယ် ဂုဏ်သိက္ခာရှိတဲ့

ဘဝကိုရနိုင်မှာ မဟုတ်တော့ဘူး။ ကိုယ့်ကိုယ်ကိုကိုယ် ဘယ်လိုလူ ဖြစ်ချင်သလဲ။

ဂုဏ်သိက္ခာရှိရှိနေတဲ့သူ ဖြစ်ချင်တယ်ဆိုရင် မတောင်းပါနဲ့။


"ယာစံ အပ္ပိယော ဟောတိ။" တောင်းသောသူသည်၊

မချစ်မနှစ်သက်ခြင်းကို ခံရသူဖြစ်၏။


ငါလိုချင်တာရဖို့ တန်ရာ တန်ကြေးကိုပေးမယ် ဆိုတဲ့စိတ်ကို ပီပီပြင်ပြင်

ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ။ အဲဒီလို ဆုံးဖြတ်လိုက်တာနဲ့ စိတ်မှာ

သတ္တိတစ်မျိုး ဖြစ်လာမယ်။ စွမ်းအားတစ်မျိုး ဖြစ်လာမယ်။


အလကား လိုချင်တဲ့စိတ်ဟာ ကိုယ်ကိုယ်ကို

မယုံကြည်တဲ့စိတ်ဖြစ်တယ်။ တည့်တည့်ပြောရရင် သူတောင်းစားစိတ် ဖြစ်တယ်။

အလားကားလိုချင်တဲ့သူဟာ ကိုယ့်ကိုယ်ကိုကိုယ် အဆင့်အတန်း

အနိမ့်ဆုံးနေရာကို ချထားလိုက်ပြီး။ (စာမေးပွဲ ခိုးဖြေတာလည်းအတူတူပဲ....။

အင်မတန် အဆင့် အတန်း နိမ့်သူတွေ စာမေးပွဲ ခိုးဖြေကြတယ်။ ကိုယ့်ကိုကိုယ်ကို

မယုံကြည်တဲ့သူတွေ စာမေးပွဲ ခိုးဖြေကြတယ်။ အဲ့ဒီလို အလကား လိုချင်တဲ့စိတ်နဲ့

တစ်သက်လုံး နေသွားတဲ့သူဟာ ကိုယ်ဘဝကို တကယ် ကျေနပ်မှု ရမလား။

တနည်းအားဖြင့် အလကားလိုချင်တဲ့စိတ်ကြောင့် ကျွန်ဖြစ်သွားတယ်။)

ကိုယ့်ကိုယ်ကိုကိုယ် တကယ်လေးစားတဲ့သူ တန်ဖိုးထားတဲ့သူ

ယုံကြည်တဲ့သူဟာ အလကား မလိုချင်ဘူး။ တန်ရာတန်ကြေး ပေပြီးမှ လိုချင်တယ်။


အလကားယူရရင် အကြွေးတင်သလို ဖြစ်နေတယ်။ အကြွေး

တင်နေတဲ့ သူဟာ ကြွေးရှင်ကို မြင်ရရင် အောက်ကြို့ရတယ်။ အဲ့ဒါ မတန်ဘူး။

လူတွေကို အောက်ကြို့တတ်တဲ့စိတ်ကို မမွေးပါနဲ့။ "လူအောက်ကြို့လို့ လူပိ

မသေဘူး" လို့ ပြောကြတယ်။ လူပိတော့ မသေပါဘူး။ ဂုဏ်ကိုတော့ ခွစီးထားတာ

ခံရလိမ့်မယ်။

လေးစားပါ အောက်မကြို့ပါနဲ့။ ဘားမှမလိုချင်ပဲနဲ့ လေးစားမှ တကယ်

လေးစားတာ။ လိုချင်လို့ လေးစားတာက လေးစားဟန်ဆောင်တာ။

ကိုယ့်ကိုယ်ကိုကိုယ် တကယ်လေးစားတဲ့သူဟာ လိုချင်စိတ်နဲ့

မဆက်ဆံဘူး။ တန်ရာတန်ကြေးပေးပြီး ဆက်ဆံတယ်။ သူ ရသင့်တာ သူ့ကို ပေးပြီး

ကိုယ် ရသင့်တာကို ယူတယ်။ ကိုယ်က သူ့ကို လေးစားတယ်။ သူက

ကိုယ့်ကိုလေးစားတယ်။ အဲ့ဒါဟာ တရားတယ်။ မျှတတယ်။ လွတ်လပ်တယ်။

အဲ့ဒီလိုလူတွေဟာ လူ့အသိုင်းအဝိုင်း အကျိုးပြုတယ်။

ခိုင်းပြီး တန်အောင် မပေးတဲ့သူနဲ့ တန်အောင် မလုပ်ပဲ များများ

လိုချင်တဲ့သူတွေဟာ လူ့အသိုင်းအဝိုင်းကို ဖျက်ဆီးတဲ့သူတွေပဲ။


တန်ရာတန်ကြေးကို ပေးမယ်ဆိုတဲ့စိတ် ရှိသူတွေဟာ

လေးစားစရာကောင်းတဲ့သူ ဖြစ်တယ်။ တန်ရာတန်ကြေးကို ပေးကြစို့။

နည်းနည်းပေးပြီး များများလိုချင်တဲ့ စိတ်ဟာ တရားမျှတမှုကို

တန်ဖိုးမထားတဲ့စိတ်ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုကိုယ် မယုံကြည်တဲ့သူဟာ

အောင်မြင်ကြီးပွါးတဲ့သူ မဖြစ်နိုင်ဘူး။ တရားမျှတမှုကို တန်ဖိုးမထားတဲ့သူဟာ

လွတ်လပ်တဲ့သူ မဖြစ်နိုင်ဘူး။ အဲ့ဒီတော့ တန်အောင်မလုပ်မလုပ်ပဲနဲ့ များများ

လိုချင်တဲ့သူဟာ အောင်မြင်တဲ့သူ လွတ်လပ်တဲ့သူ မဖြစ်နိုင်ဘူး။

တန်အောင်လုပ်ပြီးမှ ဆုတောင်းပါ။ အမှန်တော့ တကယ်

တန်အောင်လုပ်တဲ့သူဟာ ဆုတောင်းနေစရာ မလိုတော့ပါဘူး။

သဘာဝတရားဟာဆုတောင်နေတာကို မစောင့်နေပါဘူး။ သူ့သဘာဝ

ကြောင်းအကျိုးအတိုင်း လုပ်သင့်တာကို လုပ်ရင် ရသင့်တာကို ရပါတယ်။

ဆုတောင်းတာ သိပ်များနေတဲ့သူဟာ ဆုတောင်းပြည့်တဲ့သူ မဖြစ်နိုင်ဘူး။

ဘယ်သူက ပေးမှားလဲ။ ပေးမယ့်သူ မရှိပါဘူး။ ဆုတောင်းတယ် ဆိုတာကိုယ့်စိတ်ကို

ကိုယ် လမ်းတည့်ပေးလိုက်တာပဲ။ ကိုယ်ဘာကို လိုချင်တယ်ဆိုတာ ကိုယ့်စိတ်ကို

တိတိကျကျ ပြောလိုက်တာပဲ။ ငါဟာ နည်းနည်း လုပ်ပြီး များများ လိုချင်တဲ့သူလား။

ဒီမေးခွန်းကို လေးလေးနက်နက် မေးပါ။ ထီထိုးတာဟာ နည်းနည်းပေးပြီး

များများလိုချင်တဲ့ စိတ်ပဲ။ လူတိုင်း အလုပ်မလုပ်ပဲနဲ့ ထီထိုနေရင် ကြာရင်

ဘာဖြစ်မလဲ။ လူတိုင်း မွဲသွားမှာပဲ။ ထီထိုးဟာ productive ဖြစ်တဲ့ အလုပ်

မဟုတ်ဘူး။ ကောင်းတဲ့ပစ္စည်းတစ်ခု ဖြစ်အောင် လုပ်လိုက်တာဟာ

ကိုယ်အတွက်လည်း အကျိုး ရှိတယ်။ အများအတွက်လည်း အကျိုးရှိတယ်။

ဒါကြောင့် လူ့အသိုင်းအဝိုင်ကို အကျိုးပြုတယ်။ စာသင်ပေးတာ

ဆေးကုပေးတာလည်း လူ့အသိုင်းအဝိုင်းကို အကျိုးပြုတယ်။ ပစ္စည်းတွေကို

ဝယ်ချင်တဲ့သူတွေ အဆင်ပြေအောင် (အလေးမခိုးပဲ၊ တောင်းမခိုးပဲ)

ကောင်းကောင်းမွန်မွန် ရောင်းတာ အကျိုးပြုတဲ့ အလုပ်ဖြစ်တယ်။ ခရီးသည်တွေကို

လိုရာခရီးကို အဆင်ပြေပြေ စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာ

ရောက်အောင်ပို့ပေးတာ အကျိုးပြုတဲ့ အလုပ်ဖြစ်တယ်။ ထီထိုးတာ ဘယ်လို

အကျိုးပြုလဲ။ နည်းနည်းပေးပြီး များများလိုချင်တာ အကျိုးပြုတဲ့ စိတ်ထား

မဟုတ်ဘူး။ လူငယ်တွေ ဒါကို လေးလေး နက်နက် စဉ်းစားစေချင်တယ်။

တန်အောင်လုပ်ပြီး ရအောင်ယူမယ် လို့တကယ်ဆုံးဖြတ်ထားရင်

လုပ်လည်း လုပ်ဖြစ်မယ်။ ရလည်းရမယ်။ ဒီနည်းနဲ့မှ မရရင် တခြား ဘယ်လို နည်းနဲ့

ရအောင်လုပ်မလဲ။ ဒီထက်ကောင်းတဲ့နည်း ရှိသေးသလား။ ကိုယ့်ကိုယ်ကိုကိုယ်

လေးစားတဲ့သူအဖို့တော့ ဒီထက်ကောင်းတဲ့နည်း မရှိတော့ပါဘူး။

“တန်ရာတန်ကြေး မပေးပဲ ဘယ်သောအခါမှာမှ ရအောင် မလုပ်ပါးဘူး။

ဂုဏ်သိက္ခာရှိရှိ ရတာက လွဲလို့ တခြားနည်းနဲ့ရတာကို ဘယ်တော့မှ မလိုချင်ပါဘူး။

ကိုယ်ဂုဏ်သိက္ခာကို ဘယ်တော့မှ ရောင်းမစားပါဘူး” လို့ဆုံးဖြတ်လိုက်ပါ။ အဲ့ဒီလို

ဆုံးဖြတ်လိုက်ရင် အဲ့ဒီ စိတ်ဓါတ်က ကိုယ် လိုချင်တာရအောင်

ကောင်းတဲ့လုပ်နည်းကို ပေးပါလိမ့်မယ်။

ကိုယ် လိုချင်တာ ရအောင် ကိုယ့်ကို လုပ်ပေးနို်င်တာ ကိုယ့် စိတ်ဓါတ်နဲ့

ကိုယ့် အရည်အချင်းပါပဲ။ ဒီစိတ်ဓါတ်ဟာ လွတ်လပ်တဲ့သူရဲ့ စိတ်ဓါတ်ပဲ။

ဒီလို လွတ်လပ်တဲ့စိတ်ဓါတ်မှ မရှိရင် တခြားလွတ်လပ်မှုတွေနဲ့

မထိုက်တန်ဘူး။ လွတ်လပ်စွာ မတရား လုပ်ကိုင်ခွင့်ဆိုတာ မရှိသင့်တဲ့

လွတ်လပ်မှုပါ။ လွတ်လပ်စွာ ခိုးခွင့် ဆိုတာ ရှိသင့်သလား။ လွတ်လပ်စွာ ရိုးသားစွာ

လုပ်ကိုင်ခွင့်ဆိုတာ လူတိုင်းရသင့်တဲ့ လွတ်လပ်ခွင့်ပါ။ လွတ်လပ်စွာ ရိုးသားစွာ

လုပ်ကိုင်ခွင့်မှ မရှိရရင် အဲဒီ လူ့အသိုင်းအဝိုင်းဟာ ကောင်းတဲ့အသိုင်းအဝိုင်းလို့

ဆိုနိုင်မလား။

အချို့လူတွေကတော့ မရိုးသားတာ လုပ်ခွင့်ရှိတယ် ဆိုရင်ကော....

အဲဒီ အသိုင်းအဝိုင်းဟာ ကောင်းတဲ့အသိုင်းအဝိုင်းလား။ တချို့လူတွေ မရိုးသားတာ

လုပ်ခွင့်ရှိနေရင် ကျန်တဲ့သူတွေကို ပါ မရိုးသားတာကို လုပ်ချင်အောင် နည်းပေး

သလို ဖြစ်နေမယ်။ မရိုးသားတဲ့သူတွေ များလာရင် တကယ် စိတ်ချမ်းသာမှု

ရမလား။

မရိုးသားတဲ့နည်းနဲ့ ရအောင်လုပ်ချင်တဲ့သူဟာ ဘယ်လို

လွတ်လပ်မှုမျိုးနဲ့ ထိုက်တန်သလဲ။ လွတ်လပ်စွာ မရိုးသားတာ လုပ်ခွင့်

ပေးရမလား။ လွတ်လပ်စွာ ရိုးသားစွာ လုပ်ခွင့်ပေးပါ။ အဲဒီလိုဆိုရင် မရိုးသားတာ

လုပ်တဲ့သူတွေ နည်းသွားလိမ့်မယ်။ လွတ်လပ်စွာ ရိုးသားစွာ လုပ်ခွင့်မရရင်

လူများစုဟာ မရိုးသားတာကို လုပ်မိလိမ့်မယ်။ မရိုးသားတာကို ဘယ်တော့မှ

မလုပ်ဘူး ဆိုတဲ့သူဟာ လူနည်းစုလေးပါ။



ဆရာတော် ဦးဇောတိက

ဆက္ဖတ္ပါ...

Thursday, April 24, 2008

လွတ်လပ်သောစိတ် (၃)

လူတွေ မလုပ်သင့်တာကို နည်းနည်းလုပ်အောင် အားပေတဲ့သူတွေ ရှိတယ်။

လူတွေမှာ အပြစ်ရှိနေရင် အဲ့ဒီလူတွေဟာ နည်းနည်းကြောက်နေမယ်။ ကြောက်နေတဲ့သူကို မင်း

မဟုတ်တာ လုပ်ထားတယ်။ ဒါကြောင့် မင်း ငြိမ်ငြိမ်လေးနေ။ လို့ ပြောလို့ရတယ်။

လူတွေကို နိုင်ချင်ရင် အပြစ်ရှိတဲ့သူတွေ ဖြစ်နေအောင် လုပ်ထားပြီးတော့ black mail

လုပ်တဲ့ နည်းနဲ့ နိုင်လို့ရတယ်။ လူများစုဟာ အပြစ်တစ်ခုခုကို လုပ်ထားတဲ့သူတွေ ဖြစ်နေရင်

အဲဒီအသိုင်းအဝိုင်းဟာ ကြောက်နေတဲ့ အသိုင်းအဝိုင်း ဖြစ်နေမယ်။ ကြောက်နေတဲ့သူဟာ

ခေါင်းငုံ့ နေတဲ့သူ ဖြစ်နေမယ်။အပြစ်ရှိတဲ့သူဟာ လွတ်လပ်မှု မရှိတော့ဘူး။

ဘာမှ အပြစ်မရှိတဲ့သူကို လူတွေက သိပ်သဘောမကျဘူး။ အထူးသဖြင့် ကိုယ့်ကို

အနိုင်ယူချင်တဲ့သူတွေက သဘောမကျဘူး။

ကိုယ့်ဘဝကို ကိုယ် ရိုးရိုးရှင်းရှင်း ရိုးရိုးသားသားနေရင် လူတွေက ကိုယ်ကို

နည်နည်းကြောက်တယ်။ ကြောက်တာကို ကောင်းတယ်လို့ မဆိုလိုပါဘူး။ လွတ်လပ်နေတဲ့သူ၊

ဘာကိုမှ မတွယ်တာတဲ့သူ၊ ဘာဂုဏ်ကိုမှ လိုချင်တဲ့ သူကို လူတွေက ပေါင်းရခက်တဲ့သူလို့

ယူဆတယ်။ ကိုယ့်အလုပ်ကို ကိုယ်ရိုးရိုးသားသားလုပ်ပါ။ ရိုးရိုးသားသားနေပါ။ ဘယ်သူ့ကိုမှ

အောက်မကြို့ပါနဲ့။ ဘယ်သူ့ကိုမှ အနိုင်မယူပါနဲ့။ အဲ့ဒီလို နေတဲ့သူတွေ များလာရင်

ပိုပြီးအေးချမ်တဲ့ လူ့အသိုင်းအဝိုင်း ဖြစ်လာမယ်။ ကိုယ့်အိမ်မှာ ကိုယ် လွတ်လပ်ပါတယ်။

ကိုယ့်မိသားစုဆက်ဆံရေးကို ကိုယ်ကြိုက်သလို ဖန်တီးလို့ ရပါတယ်။ ကိုယ်က လွတ်လပ်မှုကို

ဘယ်လောက် နားလည်တယ်၊ ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ ကိုယ့်မိသားစုရဲ့

ဆက်ဆံရေးမှာ အားလုံးရဲ့ ပြောခွင့်ဆိုခွင့်ကို ဘယ်လောက် လေးလေးစားစား

အသိအမှတ်ပြုသလဲ့ဆိုတာနဲ့ တိုင်းတာလို့ရတယ်။ မိသားစုထဲမှာ လွတ်လွတ်လပ်လပ်

ပြောဆိုခွင့်မရှိရင် အဲဒီမိသားစုမှာ မွေးလာတဲ့ ကလေးဟာ သူအသိဉာဏ် သူအတွေးအခေါ်

တိုးတက်ဖို့ အလားအလာ သိပ်မရှိတော့ဘူး။ မိသားစုထဲမှာ ပြောသလိုလုပ် ဆိုတဲ့ မူရှိရင်၊

ကိုယ့်စိတ်ကူးနဲ့ ကိုယ် တီထွင်ကြံဆပြီး လုပ်တဲ့အလေံအကျင့်ကို ဘယ်လိုမှ မရနိုင်တော့ဘူး။

မိဘတွေဟာ သားသမီးတွေကို ပြောရဲဆိုရဲသူတွေ ဉာဏ်ရှိတဲ့သူတွေ

ဖြစ်စေချင်တယ်။ ဒါပေမယ့် အိမ်မှာ လွတ်လွတ်လပ်လပ် ကိုယ့်အယူအဆကို ပြောခွင့်မရရင်

ဘယ်လိုလုပ်ပြီး ပြောရဲ ဆိုရဲတဲ့သူ ဖြစ်လာတော့မလဲ။

လွတ်လပ်မှုဟာ အိမ်ကနေ စရမယ်။ အိမ်မှာ မိသားစု ဆက်ဆံရေးမှာ လွတ်လပ်မှုရှိမှ

အပြင်လောကမှာ လွတ်လပ်မှုရှိအောင် ဆက်ဆံတတ်မယ်။ မိဘတွေ လွတ်လပ်မှုကို

ဘယ်လောက်တန်ဖိုးထားသလဲဆိုတာ သားသမီးတွေကို ဘယ်လောက် လွတ်လွတ်လပ်လပ်

ဆွေးနွေးခွင့် ပြောခွင့် လုပ်ခွင့်ပေးသလဲ ဆိုတာနဲ့ တိုင်းတာလို့ရတယ်။

ကိုယ်အိမ်ဟာ လွတ်လပ်မှု အပြည့်ရတဲ့နေရာ ဖြစ်ရမယ်။ အပြင်လောကမှာ မရနိုင်တဲ့

လွတ်လပ်မှုတွေကို အိမ်မှာရမှ အဲဒီအိမ်ဟာ လွတ်လပ်တဲ့ အိမ်လို့ ဆိုနိုင်မယ်။ home, sweet

home သိရိဂေဟာလို့ ပြောကြတယ်။ home free home လွတ်လပ်သော ဂေဟာလို ခေါ်နိုင်ရင်

ပိုကောင်းမယ် ထင်တယ်။ လွတ်လပ်သောအိမ် ဖြစ်မှ ပျော်စရာကောင်းသောအိမ် ဖြစ်မယ်။

လွတ်လပ်တဲ့ နိုင်ငံဖြစ်ဖို့ ပထမဆုံး လွတ်လပ်တဲ့ အိမ်ဖြစ်အောင် လုပ်ရမယ်။ အိမ်မှာ

freedom of speech လွတ်လပ်စွာ ပြောဆိုခွင့် ရှိရမယ်။ သဘောထား အယူအဆတွေ မတူတာ

ကို မကြောက်မရွံ ပြောဆိုလို့ရတဲ့နေရာဟာ ကိုယ့်အိမ်ပဲ ဖြစ်ရမယ်။

သားသမီးတွေ အရွယ်ရောက်လာရင် သားသမီးနဲ့မိဘ အယူအဆမတူတာ၊ အကြိုက်

မတူတာ၊ သဘောထား မတိုက်ဆိုင်တာ ဖြစ်လာတယ်။ မိဘနဲ့ သားသမီး ဆက်ဆံရေး

အဆင်မပြေမှုတွေ ဖြစ်လာတယ်။ အဲဒီအခါမှာ ပြေလည်အောင် ဆွေးနွေးဖို့လိုတယ်။

မဆွေးနွေးနိုင်ရင် ရေရှည်မှာ ဆက်ဆံရေး ပိုပြီး မကောင်းတော့ဘူး။ သားသမီးဟာ မိဘကို

အသိမပေးပဲ လျှို့ဝှက်တာတွေများလာမယ်။ ဘဝကို share မလုပ်တော့ဘူး။ သားသမီးဘဝနဲ့

မိဘဘဝ မထပ်မိတာတွေများလာမယ်။ parallel life မျဉ်းပြိုင်ဘဝ ဖြစ်နေမယ်။

တချို့ဇနီးမောင်နှံတွေ ဘဝဟာ parallel life မျဉ်းပြိုင်ဘဝ ဖြစ်နေတယ်။ အဲဒီလိုအိမ်ဟာ

လွတ်လပ်မှု မရှိတော့ဘူး။ ဒါကြောင့် ကိုယ့်အိမ်မှာ ပွင့်လင်းမှု လွတ်လပ်မှု ရှိအောင် လုပ်နိုင်ဖို့

သိပ်အရေးကြီးတယ်။

သားသမီးတွေ လွတ်လပ်တဲ့စိတ်ဓါတ်ရှိဖို့ အိမ်ကနေ စပြီး လေ့ကျင့်ပေးရမယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Plato: "A house that has a library in it has a soul."

စာကြည့်တိုက်ရှိတဲ့ အိမ်မှာ အသက်ဝိဉာဏ်ရှိတယ်။

(ဒီနေရာမှာ အသက်ဝိဉာဏ်ဆိုတာ အတ္တကို မဆိုလိုဘူး။ အသိဉာဏ်ကို တင်စားပြီး ပြောတာ

အသိဉာဏ်ရှိမှ အသက်ဝင်တယ်။)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စာဖတ်တဲ့သူများတဲ့ နိုင်ငံဟာ ပိုပြီးတိုးတက်တယ်လို့ သုတေသနပြုထားတဲ့

စာတမ်းတွေ ဖတ်ရတယ်။ ပြောရဲဆိုရဲတဲ့သူတွေ၊ ဆွေးနွေးရဲတဲ့သူတွေ များဖို့လိုတယ်။

ပြောရဲဆိုရဲဖို့ဆိုတာ ပညာ ဗဟုသုတ များမှ ဖြစ်နိုင်တယ်။ ပညာမတတ်တဲ့သူဟာ မပြောရဲဘူး။

မဆိုရဲဘူး။ ဘားမှ မဝေဖန်တတ် မပြောတတ်တဲ့သူတွေဟာ သိုးတွေလိုပဲ။ သိုးတွေလိုလူတွေ

များနေရင် အဲဒီ အသိုင်းအဝိုင်းဟာ မတိုးတက်နိုင်ဘူး။

လူတွေ စာများများဖတ်ဖို့ လိုပါတယ်။ အထူးသဖြင့် လွတ်လပ်မှု ကြောင်း

တရားမျှတမှုအကြောင်းတွေကို များများဖတ်ဖို့ လိုတယ်။ များများ ဆွေးနွေးကြဖို့လိုတယ်။

အရာရာတိုင်းဟာ စိတ်ကနေ စ,ပါတယ်။ စိတ်ထဲမှာ အသက်ဝင်နေတဲ့အရာဟာ

မကြာခင်မှာ အကောင်အထည် ပေါ်လာမယ်။ စိတ်ထဲမှာ အသက်မဝင်သေးရင် ကောင်အထည်

ပေါ်နိုင်ဘူး။ ဒါကြောင့် ကိုယ်လိုချင်တဲ့ အရာဟာ ကိုယ့်စိတ်ထဲမှာ အသက်ဝင်နေရမယ်။

အသက်ဝင်တဲ့ စိတ်ကူကို စိတ်ကူးနိုင်တဲသူတွေသာ မဖြစ်နိုင်ဘူးလို့ ထင်ကြတာကို ဖြစ်အောင်

လုပ်နိုင်ကြတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ လွှမ်းမိုးမှုကနေ လွတ်မြောက်လာတဲ့သူမှာသာ

ပင်ကိုလို့ခေါ်နိုင်တဲ့ နေပုံထိုင်ပုံတွေဟာ ဖြစ်လာတယ်။

Social group ဆက်ဆံရေး အသိုင်းအဝိုင်းရဲ့ လွှမ်းမိုးမူကနေ မလွန်မြောက်

သေးတဲ့သူဟာ ပီပြင်တဲ့ ပင်ကိုသဘာဝ ရှိတဲ့သူ မဖြစ်သေးဘူး။ ပီပြင်တဲ့ ပင်ကိုသဘာဝ ရှိတဲ့သူ

ဖြစ်လာဖို့ လွတ်လွတ်လပ်လပ် တွေးခေါ် စဉ်းစားနိုင်တဲ့ ဉာဏ်နဲ့ ပြတ်ပြတ်သားသားဆုံးဖြတ်ပြီး

လုပ်နိုင်တဲ့ သတ္တိ လိုတယ်။ လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်တဲ ဉာဏ် မရှသေးတဲ့သူဟာ

အသိဉာဏ်ပိုင်းမှာ (clone) ပုံတူကူးထားတဲ့သူ အဆင့်မှာပဲ ရှိသေးတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လောကကြီးဟာ unfree world မလွတ်လပ်တဲ့ လောကကြီး။ လူတိုင်းကို နည်းမျိုးစုံနဲ့

ကျွန်ဖြစ်အောင် လုပ်ထားတဲ့ လောကကြီး။ အဲ့ဒါက ဘာမှ သံသယ ဖြစ်စရာ မရှိလောက်အောင်

သေချာတယ်။ လွတ်လပ်မှုကို တန်ဖိုးထားတဲ့သူဟာ အဲဒီလောကကြီးကို ဘယ်လိုလုပ် deal

လုပ်မလဲ။ တစ်နည်းပဲရှိတယ်။ (to become absolutely free) ကိုယ့်ဘဝကို အလွတ်လပ်ဆုံး

ဖြစ်အောင် နေရမယ်။ ကိုယ့်ကို လွှမ်းမိုးနေတာတွေက နေ လွတ်အောင် လုပ်ရမယ်။ အဲဒီလို

အလွတ်လပ်ဆုံးဖြစ်အောင် နေလိုက်တာဟာ တော်လှန်ရေးပဲ။

ဂုဏ်ကို မက်နေရင် လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် တကယ်

လွတ်လပ်ချင်တဲ့သူဟာ ဘာဂုဏ်ကိုမှ မမက်တဲ့သူ ဖြစ်ရမယ်။ ဂုဏ်မက်ရင် ကျွန်ခံရမယ်။

အတ္တစွဲ မရှိတဲ့သူကို ဘယ်သူက ဘယ်လိုနည်းနဲ့ လွှမ်းမိုးမလဲ။

မာနရဲ့ လှည့်စားမှုကို မခံရတော့တဲ့သူကို ဘယ်သူက ပြိုင်ပွဲဝင်ခိုင်းလို့ရမလဲ။

မနာလို ဝန်တိုစိတ် မရှိတဲ့သူကို ဘယ်သူက လာကြွားလို့ ရမလဲ။

ပြိုင်ပွဲ မရှိဘူး၊ အလောင်းအစားမရှိဘူး၊ အနိုင်အရှုံး မရှိဘူး၊ ချီးမွမ်းမှု ကဲ့ရဲ့မှုကနေ

လွတ်နေတဲ့သူ၊ သူ့ကို ဘယ်လိုလွှမ်းမိုးမလဲ။

သူ့ရဲ့လွတ်လပ်မှုဟာ လောကကြီးကို မှန်ထောင်ပြနေသလိုပဲ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုယ့်ရဲ့ လွတ်လပ်မှု အပင်ပေါက်ကလေးကို အပင်ကြီးဖြစ်လာအောင် နေ့တိုင်း

ပြုစုရမယ်။

လွတ်လပ်တဲ့စိတ်နဲ့ နေ့တိုင်း တစ်ခုခု လုပ်ပါ။

ငါလုပ်တဲ့ အလုပ်ဟာ လွတ်လပ်တဲ့ စိတ်နဲ့ လုပ်တာလား။ မလွတ်လပ်တဲ့စိတ်နဲ့

လုပ်တာလား ဆိုတာကို မကြာမကြာ သတိထားကြည့်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆရာတော်ဦးဇောတိက

ဆက္ဖတ္ပါ...

Saturday, April 19, 2008

လွတ်လပ်သော စိတ် ( ၂ )

အသိဉာဏ်ကြီးတဲ့သူ စိတ်ထားမြင့်တဲ့သူ လွတ်လွတ်လပ်လပ် တွေးတဲ့ သူတွေဟာ အသိဉာဏ်

နည်းတဲ့သူ သဘောထားသေးတဲ့သူ ဘောင်ထဲကနေ တွေးတဲ့သူတွေရဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုကို အမြဲတန်းခံခဲ့ရတယ်။

ဉာဏ်ရည်မြင့်တဲ့သူတွေက ဓလေ့ထုံးစံရဲ့ တစ်ဖက်သပ်အမြင်ကို မစဉ်းစား လက်မခံပဲ ရိုးရိုးသားသား သတ္တိရှိရှိ ကိုယ့်အသိဉာဏ်ကို

ကိုယ်သုံးတာကို ဉာဏ်ရည်နိမ့်တဲ့သူတွေ နားမလည်နိုင်ဘူး။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


သူများကို ဒုက္ခမပေးပဲ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ်တွေးပြီး လွတ်လွတ်လပ်လပ် လုပ်လို့ရတဲ့ နေရာတွေမှာ လူတွေက ကိုယ့်ဘဝ

အခြေအနေကို ပိုပြီးတိုးတက်အောင် လုပ်ကြတယ်။ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ လူများစုဟာ တိုးတက်ကြပါတယ်။

ဒါကြောင့် သူများကို ဒုက္ခမပေးဖို့ အရေးကြီးတယ်။ ပြီးတော့ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် လုပ်ဖို့ အရေးကြီးတယ်။ ကိုယ်

ထင်ထားတာထက် ကိုယ်မှာ လွတ်လွတ်လပ်လပ် လုပ်ခွင့် အများကြီး ပိုရှိနေပါတယ်။ မလွတ်လပ်ဘူးလို့ ထင်နေပြီး မလုပ်ပဲ နေကြတာ

များပါတယ်။

ကိုယ့်မိတ်ဆွေတွေထဲမှာ လွတ်လွတ်လပ်လပ် လုပ်နေကြတဲ့သူတွေရှိပါတယ်။ သူတို့ကို လေ့လာပါ။ လွတ်လပ်တဲ့ဘဝကို ရဖို့ ဆိုတာ

လက်တွေ့လွတ်လွတ်လပ်လပ်တွေးပြီး လွတ်လွတ်လပ်လပ် လုပ် နေကြတဲ့ သူတွေနဲ့ ရင်းနှိးမှု ရှိဖို့ လိုပါတယ်။ လွတ်လပ်တဲ့ဘဝကို

နေသွားကြတဲ့သူတွေ အကြောင်းကိုလည်း ရသလောက် လေ့လာနေဖို့ လိုပါတယ်။

လွတ်လပ်တဲ့ဘဝကို တကယ် မလိုချင်ပဲနဲ့ တစ်ယောက်ယောက်က ကိုယ့်ကို လွတ်လပ်တဲ့ဘဝ

ရအောင် လုပ်ပေးလို့ မရနိုင်ဘူး။ လွတ်လပ်တဲ့ ဘဝကို ရအောင်လုပ်တဲ့သူမှာပဲ လွတ်လပ်တဲ့ဘဝ ရှိပါတယ်။

လွတ်လပ်မှုကို ကျင့်သုံးနေတဲ့သူမှာပဲ လွတ်လပ်မှုရှိတယ်။ နောက်တစ်မျိုးပြောရရင် လွတ်လပ်မှုကို ကျင့်သုံးနေတုန်းမှာပဲ

လွတ်လပ်မှုရှိတယ်။


လွတ်လပ်တဲ့အတွေကို တွေးပြီး လွတ်လပ်တဲ့အလုပ်ကို လုပ်နေတုန်းမှာပဲ လွတ်လပ်မှု ရှိတယ်။ လွတ်လပ်ပြီး ဆိုပြီး နေလိုက်တဲ့သူမှာ

လွတ်လပ်မှု မရှိတော့ဘူး။ လွတ်လပ်မှုအစစ်ဆိုတာ စာအုပ်ထဲမှာ မရှိဘူး။ စိတ်ထဲမှာပဲရှိတယ်။ ဒါကြောင့် လွတ်လပ်တဲ့စိတ် မရှိရင်

ဘာကြောင်မရှိတာလဲဆိုတာကို တိတိကျကျ သိအောင်လုပ်ဖို့လိုတယ်။

အခြေအနေတွေပြောင်းသွားရင် ငါ့ဘဝ ပိုပြီး လွတ်လပ်လာမယ်လို့ တွေးပြီး စောင့်နေတဲ့သူဟာ ဘယ်တော့မှ လွတ်လပ်တဲ့ဘဝကို ရမှာ

မဟုတ်ဘူး။ အခြေအနေကို မစောင့်ပဲ မရရအောင် လုပ်တဲ့သူမှာပဲ လွတ်လပ်မှုရှိတယ်။

သူတို့ ပြောင်းသွားရင် ငါ လွတ်လပ်မယ် လို့တွေးသလား။ အဲဒီလို တွေးသ၍ မလွတ်လပ်နိုင်ဘူး။ အခြေအနေတွေ ဘာပဲဖြစ်နေဖြစ်နေ

ငါ့စိတ်မှာ လွတ်လပ်မှုရှိတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သူတို့က ငါကို ပြောကြတယ်....။ ကျွန်တစ်ယောက် အိပ်ပျော်နေတာကို တွေ့ရင် မနှိုးလိုက်ပါနဲ့။ သူ လွတ်လပ်မှုကို အိပ်မက်မက်နေတာ

ဖြစ်ကောင်းဖြစ်လိမ့်မယ့်.....တဲ့။

ငါကသူတို့ကိုပြောလိုက်တယ်....။ ကျွန်တယောက် အိပ်ပျော်နေတာကို တွေ့ရင် နှိုးလိုက်ပြီးတော့ လွတ်လပ်မှု အကြောင်း သူ့ကို

ရှင်းပြလိုက်ပါ။

အိပ်ပျော်နေကြတဲ့ သူတွေပဲ များပါတယ်။ အိပ်ပျော်နေကြတဲ့သူတွေဟာ ဘယ်သူတွေလဲ။ လွတ်လပ်နေတဲ့ သူတွေလား။ နှိုးလိုက်ရရင်

ကောင်းမလား။ အိပ်ပျော်နေတဲ့အချိန်မှာတော ခဏ စိတ်ချမ်းသာနေမယ် ထင်ပါတယ်။ လွတ်လပ်မှုအကြာင်းကို

အိမ်မက်မက်နေတယ်ဆိုရင် အိပ်မက်ကောင်းလေးလို့ဆိုရမှာပဲ။သူနိုးလာတဲ့အခါမှာ တကယ့် စစ်မှန်တဲ့ လွတ်လပ်မှုကို

ရအောင်လုပ်မှာလား။ လွတ်လပ်မှုဆိုတာ အိပ်မက်မက်လို့ကောင်းတဲ့အရာပါ.....။လက်တွေ့မှာ ရနိုင်တဲ့ အရာ မဟုတ်ဘူးလို့ တွေးမှာလား။

အိပ်မက်ဆိုတာ နိုးလာပြီးရင် မကြာခင်မှာ မေ့သွားတတ်တဲ့အရာပါ။ အဲဒီလို မေ့သွားလို့ အိပ်မက်တွေ အကောင်းအထည် မပေါ်တာ။

အိပ်မက်ကို မမေ့ရင် အဲဒီအိပ်မက် အကောင်အထည်ပေါ်ဖို့ နေ့တိုင်းကြိုးစားမယ်။ အဲဒီလိုဆိုရင် တစ်နေမှာ အဲဒီအိပ်မက်

အကောင်အထည် ပေါ်လာမှာ သေချာတယ်။

စိတ်ချမ်းသာမှုကို သိပ်လိုချင်တယ်။ စိတ်အေးချမ်းမှုကို သိပ်လိုချင်တယ်။ လွတ်လပ်မှုကို သိပ်လိုချင်တယ်။ ငါလိုချင်သလို သူများလည်း

လိုချင်တာပဲ ဒါကြောင့် ငါတတ်နိုင်သလောက် သူများကို စိတ်ချမ်းသာမှု၊ စိတ်အေးချမ်းမှု၊ လွတ်လပ်မှုကို ပေးမယ်လို့

သဘောထားတဲ့သူဟာ သူကိုယ်တိုင် တစ်နေ့တစ်ခြား ပိုပြီး စိတ်အေးချမ်းတဲ့သူ လွတ်လပ်တဲ့သူ ဖြစ်လာတယ်။ ဒါဟာ သဘာဝနိယာမပဲ။

သူများကို စိတ်ချမ်းသာအောင်ပြောရင်းနဲ့ ကိုယ်လည်း စိတ်ချမ်းသာလာတာကို အကြိမ် တော်တော်များများ ကြုံဖူးပါတယ်။

သူများကို မလွတ်လပ်အောင် လုပ်ရင် ကိုယ်လည်း မလွတ်လပ်ဘူး။ သူများကို စိတ်ဆင်းရဲအောင် လုပ်ရင် ကိုယ်လည်း

စိတ်ဆင်းရဲရတယ်။ သူတစ်ပါးကို စိတ်မအေးချမ်းအောင်လုပ်ရင် ကိုယ်လည်း စိတ်အေးချမ်းမှု မရနိုင်ဘူး။ ဒါဟာ သဘာဝနိယာမ

ဖြစ်ပါတယ်




ဆရာတော် ဦးဇောတိက

ဆက္ဖတ္ပါ...

Wednesday, April 16, 2008

လွတ်လပ်သော စိတ် ( ၁ )

လွတ်လပ်သူ၏ အတွေးအခေါ်အယူအဆများ

လွတ်လပ်တာကို တကယ်လိုချင်ရင် လွတ်လပ်မူအကြောင်းကို အမြဲလေ့လာနေရမယ်။ ကိုယ့်မှာ ဘယ်လောက်လွတ်လပ်မူ ရှိတယ်

မရှိဘူး ဆိုတာကို သတိထားရမယ်။ လွတ်လပ်မှုမရှိရင် ဘာကြောင့် မရှိတာလဲ ဆိုတာကို မြင်အောင်ကြည့်ရမယ်။ နဲနဲဖြစ်ဖြစ် လွတ်လပ်မှု

ပိုရှိလာအောင် နေ့စဉ် ကြိုးစား နေရမယ်။ လွတ်လပ်မှုကို မေ့ထာလိုက်ရင် လွတ်လပ်မှုပျောက်သွားမယ်

လှည့်စားနေတာတွေကို မျက်ခြေမပြတ်ဖို့ လိုတယ်။ လွတ်လပ်မှု ဆိုတာကို ဘာသာရပ်တစ်ခုလို သုတေသန ပြုနေရမယ်။ လွတ်လပ်မှု

သုတေသန အသင်း ဆိုတာမျိုးရှိရင် ကောင်းမယ်။ အဲဒီအသင်းက စာစောင်တွေ ထုတ်နေရမယ်။

ကျောင်းတွေမှာ လွတ်လပ်မှုကို ဆွေးနွေးရင် ကောင်းမယ်။ လွတ်လွတ် လပ်လပ် ဆွေးနွေးမှ ပညာတတ်တွေ ထွက်လာမယ်။ လွတ်လွတ်

လပ်လပ် ဆွေးနွေးမှ အကောင်းဆုံး အဖြေကို ရမယ်။


Truth is spiritually revolutionary.
အမှန်တရားဆိုတာ စိတ်ပိုင်း အသိဉာဏ်ပိုင်း တော်လှန်ရေးတစ်ခု ဖြစ်ပါတယ်။

အတ္တဝါဒကို တော်လှန်လိုက်တာ အနတ္တဝါဒ။ တစ်လောကလုံး လက်ခံခဲ့တဲ့ အတ္တဝါဒကို ဗုဒ္ဓမြတ်စွာဘုရားက ပြောင်းပြန်လှန်လိုက်တာပဲ။

တော်ရုံသတ္တိနဲ့ မလုပ်နိုင်တဲ့အရာဖြစ်တယ်။ လူ့လောကမှာ အကြီးမားဆုံး အသိဉာဏ်ပိုင်းဆိုင်ရာ တော်လှန်ရေးဖြစ်ပါတယ်။ အနတ္တဝါဒကို

ဘယ်သူမှဖျောက်ဖျက်လို့ မရတော့ဘူး။

အဲ့ဒီလိုပဲ ကမ္ဘာကြီး ပြားတယ်လို့ တစ်လောကလုံးက ယုံနေတာကို လုံးပါတယ်လို့ ပြောတာ စိတ်ပိုင်း အသိဉာဏ်ပိုင်း တော်လှန်ရေးတစ်ခု

ဖြစ်ပါတယ်။ အစမှာတော့ အမှန်ကို လက်မခံနိုင်တဲ့သူတွေ များနေတတ်လို့ အမှန်တရားက ရှုံးနိမ့်သလို ဖြစ်နေပါတယ်။ ဒါပေမယ့်

ရေရှည်မှာ အမှန်တရားက အနိုင်ရစမြဲပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုယ်ပိုင်ဉာဏ်နဲ့ မစဉ်းစားနိုင်တဲ့သူဟာ တောင်ပံကျိုးနေတဲ့ ငှက်နဲ့ တူတယ်။ တောင်ပံရှိပေမယ့် မပျံနိုင်ဘူး။

တောင်ပံချိုးထားတာကို ခံရတဲ့သူတွေ များတယ်။ အချို့ ငယ်ငယ် ကတည်းက ကိုယ်ပိုင်ဉာဏ်နဲ့ကိုယ် စဉ်းစားခွင့် ကိုယ့်စိတ်ကူးနဲ့ကိုယ်

လုပ်ခွင့် မရခဲ့လို့ တောင်ပံကျိုးသလို ဖြစ်သွားတယ်။ ကြီးတဲ့အထိ အဲဒီတောင်ပံကပြန်ကောင်း မလာတော့ဘူး။ ဒါကြောင့် တစ်သက်လုံး

တောင်ပံကျိုးနေတဲ့ ငှက်လို ဘဝမှာပဲ နေရတော့တယ်။ ပြောသမျှကို ယုံ၊ ခိုင်းသမျှကို လုပ်၊ ပေးသမျှကို ယူတဲ့သူ ဖြစ်မယ်။

ပြောသမျှကို ယုံ၊ ခိုင်းသမျှကို လုပ်၊ ပေးသမျှကို ယူတဲ့သူကို အပည့်မွေးချင်တဲ့သူတွေ များတယ်။ 'ဟုတ်ရဲ့လား ဘာဖြစ်လို့ လုပ်ရမှာလဲ

လုပ်သင့်ရဲလား။ ဒီလိုလုပ်တာ တရားရဲ့လား။ မျှတမှုရှိရဲ့လား။ ဒါလောက်နဲ့တော့ မလုပ်နိုင်ဘူး' လို့ ဆိုတဲ့သူကို တပည့်ကောင်းလို့

မယူဆဘူး။ ဒဲ့ဒီလိုလူဟာ တပည့် မဖြစ်ဘူး။ တပည့် မဖြစ်ရင် ဘာဖြစ်မလဲ။ အဲ့ဒါကို ဆက်ပြီး စဉ်းစားပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


Negative peace is the absnce of tesion.

အခြေအနေ တင်းမာမှု မရှိတာကို အနှုပ်လက္ခဏာ ငြိမ်းချမ်းမှုလို့ ခေါ်ပါတယ်။


Positive peace is the presence of justice.


တရားမျှတမှု ရှိတာကို အပေါင်းလက္ခဏာ ငြိမ်းချမ်းမှု လို့ ခေါ်ပါတယ်။


Without justic there is no freedom.


တရားမျှတမှု မရှိရင် လွတ်လပ်မှု မရှိဘူး။

ဒါကြောင့် တရားမျှတမှု ရှိရင် ငြိမ်းချမ်းမှုလည်းရှိတယ်။ လွတ်လပ်မှု့ လည်း ရှိပါတယ်။ လူတိုင်း တကယ်လိုချင်တာ တရားမျှမှုပဲ

ဖြစ်ပါတယ်။ တရားမျှတမှု ရှိရင် ကျန်တာတွေ ပြည့်စုံ လာပါလိမ့်မယ်။ တရားမျှတမှု ရှိတယ်၊ မရှိဘူး ဆိုတာကို လူတိုင်း သိဖို့

နားလည်ဖို့တော့ လိုပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လွတ်လွတ် လပ်လပ် စဉ်းစားတာ တွေးခေါ်တာ မရှိပဲ ဉာဏ်ပညာ မရှိနိုင်ဘူး။ လွတ်လွတ်လပ်လပ် စဉ်းစားတတ်ဖို့ ဘာလိုလဲ။

စာများများဖတ်ဖို့လိုတယ်။ လွတ်လွတ်လပ်လပ် ဆွေးနွေးဖို့လိုတယ်။

လွတ်လွတ်လပ်လပ် ဆွေးနွေဖို့လိုတယ် ဆိုတော့..... လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ ရတဲ့ စကားပြောဖေါ် ဆွေးနွေးဖက်ရှိုဖို့ လိုတယ်။

ကိုယ့်အယူအဆကို မကြောက်မရွံ နောက်မတွန့်ပဲ ရိုးရိုးသားသား ပြောနိုင်ဖို့ လိုတယ်။ သူများနဲ့မတူတဲ့ ဆန်ကျင်နေ့တဲ့

ကိုယ့်အယူအဆကို ပြောလို့ ရမှသာ တကယ် စဉ်းစားနိုင်တဲ့ စွမ်းရည်ကိုရမယ်။ သူများနဲ့ တူတဲ့ အယူအဆတွေကိုသာ ပြောနေရရင်

ဘာထူးတော့မလဲ။ သူများနဲ့ တူတာကို ပြောဖို့လောက်ကတော့ သိပ်စဉ်းစားနေစရာ မလိုပါဘူး။



ဆရာတော် ဦးဇောတိက

ဆက္ဖတ္ပါ...